ယူကရိန်းနဲ့ရုရှားနိုင်ငံသား ခံယူထားတဲ့ အမျိုးသားတစ်ဦးကို အကြမ်းဖက်မှု စွဲချက်တွေနဲ့ ပြင်သစ်မှာ ဖမ်းဆီးခဲ့

ပြင်သစ်နိုင်ငံက ဟိုတယ်အခန်းတစ်ခုအတွင်း ဖောက်ခွဲရေးပစ္စည်းတွေ ပြုလုပ်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ သံသယနဲ့ ယူကရိန်းနဲ့ရုရှားနိုင်ငံသား ခံယူထားတဲ့ အမျိုးသားတစ်ဦးကို အာဏာပိုင်တွေက အကြမ်းဖက်မှုစွဲချက်နဲ့ ဖမ်းဆီးလိုက်ပါတယ်။

ပြင်သစ်နိုင်ငံဟာ နောက်လမှာ ဖွင့်လှစ်မယ့် ပဲရစ်အိုလံပစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့အကြား အထူးသတိထား နေကြပါတယ်။

အသက် ၂၆ နှစ်အရွယ် နိုင်ငံနှစ်နိုင်ငံသားအဖြစ် ခံယူထားတဲ့ အမျိုးသားတစ်ဦးဟာ တနင်္လာနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အပြင်ဘက်မှာရှိတဲ့ ဟိုတယ်ခန်းတစ်ခုအတွင်း ပေါက်ကွဲမှုကြောင့် မီးလောင်ဒဏ်ရာ ပြင်းထန်စွာ ရခဲ့တယ်လို့ ပြင်သစ်စုံစမ်းရေးအရာရှိတွေက ဆိုပါတယ်။

ဖောက်ခွဲရေးပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို အခင်းဖြစ်ပွားတဲ့နေရာမှာ စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့ပါတယ်။

အကြမ်းဖက်မှု ပူးပေါင်းကြံစည်မှုနဲ့ ဗုံးခွဲဖို့ ကြံစည်မှုတွေမှာ ပါဝင်တယ်ဆိုတဲ့ သံသယတွေနဲ့ အဲဒီအမျိုးသားကို သူတို့က ဖမ်းဆီးခဲ့ပါတယ်။

ပြင်သစ်မီဒီယာတစ်ချို့က အဲဒီအမျိုးသားဟာ ယူကရိန်းအရှေ့ပိုင်းက ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

အဲဒီ အမျိုးသားဟာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရာမှာ ရုရှားဘက်က တိုက်ခိုက်နေခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အိုလံပစ်ကျင်းပမယ့်နေရာမှာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ကြံစည်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ရုရှားနိုင်ငံတောင်ပိုင်း Chechnya က အမျိုးသားတစ်ဦးကို ပြင်သစ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။