ဂျပန်နဲ့ ငြိမ်းချမ်းရေး စာချုပ် ဆက်လက် ဆွေးနွေးဖို့ အခြေအနေတွေ အဆင်သင့် မဖြစ်သေးဘူးလို့ ရုရှားသမ္မတ ဆို

ရုရှားသမ္မတ Vladimir Putin က ဂျပန်နိုင်ငံနဲ့ ငြိမ်းချမ်းရေးစာချုပ်ဆိုင်ရာ ညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ်ဖို့ သူ့နိုင်ငံအတွက် အခြေအနေတွေ အဆင်သင့်မဖြစ်သေးကြောင်း ပြောကြားခဲ့ပါတယ်။

St. Petersburg မှာ ပြုလုပ်တဲ့ စီးပွားရေးဖိုရမ်ရဲ့ ဘေးစည်းအဖြစ်နဲ့ မစ္စတာ Putin က ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတကာ သတင်းအေဂျင်စီတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ စကားပြောဆိုခဲ့ပါတယ်။

ဂျပန်အစိုးရဟာ မြောက်ပိုင်းပိုင်နက်နယ်မြေပြဿနာကို ဖြေရှင်းဖို့နဲ့ ရုရှားနဲ့အကြား ငြိမ်းချမ်းရေးစာချုပ်ကို အပြီးသတ်ချုပ်ဆိုဖို့ သူ့ရဲ့ မယိမ်းယိုင်တဲ့ သန္နိဋ္ဌာန်ကို ကိုင်စွဲထားပါတယ်။

ရုရှားက ထိန်းချုပ်ထားတဲ့ကျွန်း ၄ ကျွန်းကို ဂျပန်နိုင်ငံကပိုင်ဆိုင်ကြောင်း အခိုင်အမာ ဆိုပါတယ်။ ဂျပန်အစိုးရက အဲဒီကျွန်းတွေဟာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း တရားမဝင် သိမ်းပိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ကို မစ္စတာ Putin က မငြင်းပယ်ခဲ့ပေမဲ့ လိုအပ်တဲ့ အခြေအနေတွေနဲ့ ပြည့်မီမှသာ ဖြစ်လာနိုင်မယ်လို့ အခိုင်အမာပြောခဲ့ပါတယ်။

ရုရှားက ဗျူဟာမြောက်ရှုံးနိမ့်လာအောင် ကြိုးပမ်းရာမှာ ပါဝင်မယ်လို့ ဂျပန်က ကြေညာခဲ့တာကို သူက ရည်ညွှန်းပြောကြားခဲ့ပါတယ်။

ဒါဟာ အဟန့်အတားတစ်ခုဖြစ်ပြီး ဂျပန်အနေနဲ့ သူ့ရဲ့ရပ်တည်ချက်ကို အရင်ဆုံး ပြောင်းလဲသင့်တယ်လို့ မစ္စတာ Putin က ထောက်ပြခဲ့ပါတယ်။

ဂျပန် အစိုးရအဖွဲ့အတွင်းဝန်ချုပ် Hayashi Yoshimasa က ရုရှားရဲ့ တုံ့ပြန်မှုဟာ တရားမျှတမှုမရှိဘဲ ဂျပန်နိုင်ငံအပေါ် အပြစ်လွှဲချတာကို လုံးဝလက်မခံနိုင်ကြောင်း ကြာသပတေးနေ့က တိုကျိုမှာ ပြောကြားခဲ့ပါတယ်။