ကလေးပြုစုပျိုးထောင်မှုဆိုင်ရာ အထောက်အပံ့တွေ တိုးချဲ့ရေးဥပဒေ ဂျပန်လွှတ်တော် အတည်ပြု

ကလေးမွေးဖွားနှုန်း ကျဆင်းနေတဲ့အတောအတွင်း ဂျပန့်လွှတ်တော်က ကလေး‌သူငယ်တွေနဲ့ ကလေးပြုစုပျိုးထောင်နေတဲ့ အိမ်ထောင်စုတွေအတွက် ကူညီထောက်ပံ့မှုကိုတိုးချဲ့မယ့် ဥပဒေတစ်ရပ်ကို အတည်ပြုလိုက်ပါတယ်။

အဲဒီဥပဒေသစ်အရ အခုနှစ် ဒီဇင်ဘာလမှာ ကလေးထောက်ပံ့ကြေးရရှိမှု ဆိုင်ရာ အိမ်ထောင်စုဝင်ငွေကန့်သတ်ချက်ကို ဖယ်ရှားမှာဖြစ်ပါတယ်။

အကျုံးဝင်မယ့်ကလေးအသက်အရွယ်ကို ၁၈ နှစ်အထိ တိုးချဲ့မှာ ဖြစ်ပါတယ်။

အိမ်ထောင်စုတွေမှာ မိဘတွေ ဒါမှမဟုတ် အုပ်ထိန်းသူတွေ အလုပ်လုပ်ခြင်း ရှိမရှိနဲ့ မသက်ဆိုင်ဘဲ ကလေးထိန်းကျောင်းတွေမှာ ကလေးကိုအပ်နှံနိုင်မှာဖြစ်ပြီး ရင်သွေးပြုစုပျိုးထောင်ရေး ခွင့်ရက်ခံစားခွင့်ကို တိုးပေးမှာ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်တွေကို ငွေကြေးထောက်ပံ့ဖို့အတွက် လူတစ်ဦးချင်းနဲ့ စီးပွားရေးလုပ်ငန်းတွေက ပေးဆောင်တဲ့ ပြည်သူ့ကျန်းမာရေးအာမခံကြေးတွေကို တိုးမြှင့်ကောက်ခံပြီး ထောက်ပံ့ရေးရန်ပုံငွေစနစ်တစ်ခု ထူထောင်ဖို့နဲ့ ၂၀၂၆ ဘဏ္ဍာရေးနှစ်က စပြီး အဆင့်ဆင့်အကောင်အထည်ဖော်သွားဖို့ အစိုးရက စီစဉ်ထားပါတယ်။

အဓိကအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနဲ့ သူ့ရဲ့ညွန့်ပေါင်း ခိုးမေးတိုး ပါတီတို့ရဲ့ထောက်ခံမှုနဲ့ ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်ရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ အဲဒီဥပဒေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အတိုက်အခံပါတီကြီးတွေက ကန့်ကွက်မဲပေးခဲ့ကြပါတယ်။