ထိုင်ဝမ်ရဲ့ TSMC က ဂျပန်မှာ တတိယမြောက် တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်ရုံကို ဆောက်လုပ်ဖွယ် ရှိ

ကမ္ဘာ့အကြီးဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်းကန်ထရိုက်ကုမ္ပဏီရဲ့ အကြီးအကဲက သူ့ကုမ္ပဏီဟာ ဂျပန်မှာ တတိယမြောက်စက်ရုံကို ဆောက်လုပ်ဖို့ စဉ်းစားနေကြောင်း ပြောပါတယ်။

Taiwan Semiconductor Manufacturing Company (TSMC) ရဲ့ အမှုဆောင်အရာရှိချုပ် C. C. Wei က သူ့ကုမ္ပဏီဟာ ဂျပန်မှာ လုပ်ငန်း နောက်ထပ်တိုးချဲ့ဖို့ လေ့လာနေတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့က TSMC ရဲ့ အစုရှယ်ယာရှင်အစည်းအဝေးအပြီးမှာ မစ္စတာ Wei က အဲဒီလို မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့နှောင်းပိုင်းမှာ ပြုလုပ်တဲ့ ဘုတ်အဖွဲ့အစည်းအဝေးမှာ မစ္စတာ Wei ဟာ TSMC ရဲ့ ဥက္ကဌအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

တတိယစက်ရုံတည်ဆောက်ဖို့ TSMC ကို ဒေသန္တရဂျပန်အာဏာပိုင်တွေက တောင်းဆိုထားပြီး ဖြစ်ပြီး အဲဒီအတွက် ဒေသခံတွေဆီကနေလည်း သဘောတူညီချက်ရဖို့ လိုအပ်ကြောင်း မစ္စတာ Wei က ပြောပါတယ်။

TSMC က အခုလက်ရှိ အာရုံစိုက်လုပ်ဆောင်နေတာဟာ ဂျပန်အနောက်တောင်ပိုင်း ခူမာမိုတိုခရိုင်က ပထမနဲ့ ဒုတိယစက်ရုံတွေ ချောချောမွေ့မွေ့ လုပ်ငန်းလည်ပတ်နိုင်ဖို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

TSMC ဟာ ဂျပန်မှာ ပထမစက်ရုံကို ဖေဖော်ဝါရီတုန်းက ဖွင့်လှစ်ခဲ့ပြီး ဒုတိယစက်ရုံကို ဆောက်လုပ်ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး ကြေညာခဲ့ပါတယ်။

ဂျပန်အစိုးရဟာ TSMC ကို ထောက်ပံ့ငွေအဖြစ် ယန်း ၁.၂ ထရီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၇.၇ ဘီလီယံအထိ ပေးအပ်ဖို့ ကမ်းလှမ်းထားပါတယ်။