အိန္ဒိယရဲ့ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Modi ရဲ့မဟာမိတ်အဖွဲ့ အများစုနေရာ အနိုင်ရ

အိန္ဒိယဝန်ကြီးချုပ် Narendra Modi က သူ့ရဲ့မဟာမိတ်အဖွဲ့တွေ အောက်လွှတ်တော်မှာ အများစုနေရာ ရရှိခဲ့ပြီးတဲ့နောက် အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ပါတီ တစ်ပါတီတည်း အများစုနေရာရဖို့က အလှမ်းဝေးနေပါသေးတယ်။

မဲရေတွက်မှုတွေကို အင်္ဂါနေ့က စတင်ခဲ့ပါတယ်။ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ အစောပိုင်းက အမတ်နေရာ ၅၄၃ နေရာလုံးအတွက် ကြေညာခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ‌ဆိုပါတယ်။ မစ္စတာ Modi ရဲ့ Bharatiya Janata Party (BJP) ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ၂၉၃ နေရာ အနိုင်ရခဲ့ပါတယ်။

နယူးဒေလီမြို့မှာရှိတဲ့ သူ့ရဲ့ပါတီရုံးချုပ်မှာ မစ္စတာ Modi က "ဒီနေ့အောင်ပွဲဟာ ကမ္ဘာရဲ့အကြီးမားဆုံး ဒီမိုကရေစီအောင်ပွဲဖြစ်တယ်" လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအာဏာရညွန့်ပေါင်းအဖွဲ့ဟာ မစ္စတာ Modi အစိုးရရဲ့ တတိယမြောက် သက်တမ်းကို ဆက်ထိန်းထားဖို့ အရေးပေါ်ဆွေးနွေးမှုတွေ ပြုလုပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ မစ္စတာ Modi ရဲ့ BJP ပါတီဟာအမတ်နေရာ ၂၄၀ သာရရှိခဲ့ပြီး သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။

တခြားတစ်ဖက်မှာတော့ အတိုက်အခံမဟာမိတ်အဖွဲ့ဟာ မဲရုံပြင်ပစစ်တမ်း ကောက်ယူမှုအရခန့်မှန်းချက်ကို ကျော်လွန်ပြီး အမတ်နေရာ အရေအတွက် သိသိသာသာ တိုးလာခဲ့ပါတယ်။

မစ္စတာ Modi ရဲ့ရာထူးသက်တမ်းအတွင်း စီးပွားရေးတိုးတက်မှု အားကောင်းလာပေမဲ့လည်း အဓိကအားဖြင့် ကျေးလက်ဒေသတွေက မဲဆန္ဒရှင်တွေဟာ စီးပွားရေးကွာဟချက် နက်ရှိုင်းလာမှုနဲ့ အလုပ်လက်မဲ့ဖြစ်မှု ပိုမိုဆိုးရွားလာနေတာအပေါ် မကျေနပ်မှုတွေ ရှိနေတယ်လို့ လေ့လာသူတွေက ထောက်ပြခဲ့ပါတယ်။

အကြီးဆုံးအတိုက်အခံ အိန္ဒိယအမျိုးသားကွန်ဂရက် ပါတီက Rahul Gandhi က အိန္ဒိယပြည်သူတွေဟာ မစ္စတာ Modi ကို ရာထူးကနေ ဆင်းပေးစေလိုတယ်ဆိုတာကို ရွေးကောက်ပွဲမှာ ရှင်းရှင်းလင်းလင်း ပြသခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။