၂၀၂၃ ခုနှစ်မှာ ဂျပန်ရဲ့ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးစံချိန် ရောက်

ဂျပန်အစိုးရရဲ့ စာရင်းအင်းတွေအရ ၂၀၂၃ ခုနှစ်ရဲ့ စုစုပေါင်းကလေးမွေးဖွားနှုန်းဟာ စစ်တမ်းစတင်ကောက်ယူခဲ့ချိန် ၁၉၄၇ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ သက်တမ်းတစ်လျှောက်မှာ ကလေးမွေးဖွားမှုနှုန်းဟာ ၁.၂၀ ကို ကျသွားခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနဟာ ၂၀၂၃ ခုနှစ်အတွက် ခန့်မှန်းခြေ လူဦးရေစာရင်းဇယားကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

မနှစ်က စုစုပေါင်းကလေးမွေးဖွားနှုန်းဟာ ရှေ့အရင်နှစ်ရဲ့ နောက်ဆုံးကိန်းဂဏန်းထက် ၀.၀၆ မှတ် ကျဆင်းသွားခဲ့ပါတယ်။ နှစ်အလိုက်အားဖြင့် ၈ နှစ်ဆက်တိုက် မွေးဖွားနှုန်း ကျဆင်း‌ခဲ့တာလည်း ဖြစ်ပါတယ်။

ဂျပန်ရဲ့ခရိုင်အားလုံးမှာ စုစုပေါင်းမွေးဖွားနှုန်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ တိုကျိုမှာ ၀.၉၉ နဲ့ အနိမ့်ဆုံးကိန်းဂဏန်း ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ဟော့ကိုင်းဒိုးခရိုင်မှာ ၁.၀၆ ၊ မိယာဂီ ခရိုင်မှာ ၁.၀၇ ဖြစ်ပါတယ်။ အိုကီနာဝါခရိုင်က ကလေးမွေးဖွားနှုန်း အမြင့်ဆုံးဖြစ်ပြီး ၁.၆၀ ဖြစ်ပါတယ်။ အဲဒီ နောက်မှာ မီယာ့ဇာကီ ခရိုင်နဲ့ နာဂါ့စာကီ ခရိုင်က ၁.၄၉ နဲ့ ခါဂိုးရှီမခရိုင်က ၁.၄၈ ဖြစ်ပါတယ်။

မနှစ်က မွေးဖွားခဲ့တဲ့ ဂျပန်လူမျိုးကလေးအရေအတွက် ၇၂၇,၂၇၇ ဦး ရှိပါတယ်။ ဒါဟာ ရှေ့အရင်နှစ်ကထက် ၄၃,၄၈၂ ကျဆင်းခဲ့တာ ဖြစ်ပြီး၊ စစ်တမ်း စတင်ခဲ့တဲ့ ၁၈၉၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်ပါတယ်။

ဝန်ကြီးဌာနအရာရှိတွေက ကလေးမွေးဖွားနှုန်းကျဆင်းမှုဟာ ဆိုးရွားတဲ့အနေအထားဖြစ်တယ်လို့ ဆိုပါတယ်။ လူငယ်ဦးရေ သိသိသာသာ ကျဆင်းလာမယ့် ၂၀၃၀ ပြည့်နှစ်မတိုင်မီကာလတွေဟာ လမ်းကြောင်းပြောင်းဖို့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ သူတို့က ထောက်ပြခဲ့ကြပါတယ်။