ထိုင်ဝမ်ကို တရုတ်က ကျူးကျော်ခဲ့ရင် အမေရိကန်တပ်ဖွဲ့တွေကို အသုံးမပြုဘူးလို့ မပြောနိုင်ကြောင်း အမေရိကန်သမ္မတ ပြော

တကယ်လို့ ထိုင်ဝမ်ကို တရုတ်က ကျူးကျော်လာရင် အမေရိကန်တပ်ဖွဲ့တွေကို အသုံးမပြုဘူးလို့ မပြောနိုင်ကြောင်း အမေရိကန်သမ္မတ Joe Biden က ပြောပါတယ်။

မေလ ၂၈ ရက်နေ့က အိမ်ဖြူတော်မှာ Time မဂ္ဂဇင်းရဲ့ တွေ့ဆုံမေးမြန်းမှုမှာ မစ္စတာ Biden က အဲဒီလို မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီမဂ္ဂဇင်းဟာ မေးမြန်းမှုအကြောင်းအရာတွေကို အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်အနေနဲ့ ထိုင်ဝမ်လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်း မရှိဘူးဆိုတာကို တရုတ်သမ္မတ Xi Jinping ကို ပြတ်ပြတ်သားသား ပြောကြားခဲ့ပြီး ဖြစ်ကြောင်း မစ္စတာ Biden က ဆိုပါတယ်။ ဒါဟာ အမေရိကန်က ကာလရှည် ကိုင်စွဲလာခဲ့တဲ့ မူဝါဒဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ကျူးကျော်မှုဖြစ်ခဲ့ရင် အမေရိကန်တပ်ဖွဲ့တွေကို အသုံးမပြုဘူးလို့ မပြောနိုင်ကြောင်း သူက ဆိုပါတယ်။ တကယ်လို့ တရုတ်အစိုးရက ထိုင်ဝမ်နဲ့ ပေါင်းစည်းဖို့ အင်အားသုံးပြီး ကြိုးပမ်းခဲ့ရင် အမေရိကန်စစ်တပ်ဟာ ထိုင်ဝမ်ဘက်ကနေ ခုခံကာကွယ်နိုင်ခြေရှိတယ်လို့ သူအရင်က ပြောကြားခဲ့ဖူးပါတယ်။

အမေရိကန်စစ်တပ်အနေနဲ့ ဂျပန်နဲ့ ဖိလစ်ပိုင်အခြေစိုက်စခန်းတွေကနေ တိုက်ခိုက်မှာလားလို့ မေးမြန်းခဲ့ရာ မစ္စတာ Biden က "ဒါကတော့ အတိအကျ မပြောနိုင်ဘူး" လို့ ပြန်ဖြေခဲ့ပါတယ်။

အမေရိကန်ရွေးကောက်ပွဲမှာ တရုတ်က စွက်ဖက်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ မစ္စတာ Biden က "စွက်ဖက်မှု ဖြစ်ပွားနေတယ်ဆိုတဲ့ အထောက်အထားတွေ ရှိတယ်" လို့ ဖြေကြားခဲ့ပါတယ်။