Tiananmen ရင်ပြင်ဖြိုခွင်းမှု ၃၅ နှစ်ပြည့်တဲ့နေ့က ဟောင်ကောင်မှာ လူ ၄ ဦးကို ဖမ်းဆီးခဲ့

ဘေဂျင်းမြို့တော်က Tiananmen ရင်ပြင်မှာ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီလိုလားတဲ့ဆန္ဒပြပွဲတွေကို သွေးထွက်သံယို ဖြိုခွင်းမှု ၃၅ နှစ်ပြည့်မြောက်တဲ့ နှစ်ပတ်လည်နေ့မှာ ဟောင်ကောင်အာဏာပိုင်တွေက လူ ၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အင်္ဂါနေ့မှာ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဟောင်ကောင်မှာ နှစ်စဉ် ဇွန်လ ၄ ရက်မှာ အောက်မေ့သတိရပွဲအတွက် လူတွေလာရောက်စုရုံးလေ့ရှိကြတဲ့ ပန်းခြံတစ်ခုရဲ့အနီးတစ်ဝိုက်မှာ လုံခြုံရေးတွေ တင်းကျပ်ထားပါတယ်။ အစိုးရရဲ့ဖြိုခွင်းမှုကြောင့် အဲဒီအခမ်းအနားကို ၂၀၁၉ ခုနှစ်နောက်ပိုင်းထဲက မပြုလုပ်နိုင်ခဲ့ပါဘူး။

အသက် ၂၃ နှစ်ကနေ ၆၉ နှစ်ကြား လူလေးဦးကို ဖမ်းဆီးထားတယ်လို့ ဟောင်ကောင်ရဲအရာရှိတွေက ပြောပါတယ်။ မတ်လမှာ စတင်အသက်ဝင်ခဲ့တဲ့ ဟောင်ကောင်ရဲ့နိုင်ငံ့လုံခြုံရေးဥပဒေသစ်ကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားတယ်လို့ သူတို့က ပြောပါတယ်။ အဲဒီအမျိုးသမီးဟာ တရုတ်အစိုးရ အပါအဝင် အာဏာပိုင်တွေကို အမုန်းပွားအောင် လှုံ့ဆော်ဖို့ရည်ရွယ်ချက်နဲ့လမ်းပေါ်မှာ ကြွေးကြော်သံတွေ ‌ဟစ်အော်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။

ဂျပန်အမျိုးသားတစ်ဦးအပါအဝင် တခြားလူငါးဦးကိုလည်း အာဏာပိုင်တွေက ရဲဌာနကို ပို့ခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာ သူတို့ ပြန်လွတ်လာခဲ့တယ်လို့ သိရပါတယ်။