မြို့တော်ပြောင်းရွှေ့ရေးစီမံကိန်းမှာ ပိုမိုရင်းနှီးမြှုပ်နှံကြဖို့ အင်ဒိုနီးရှားသမ္မတ တောင်းဆို

အင်ဒိုနီးရှားအစိုးရက ဩဂုတ်လမှာ မြို့တော်ပြောင်းရွှေ့ဖို့ စီစဉ်ထားပြီး အဲဒီစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပြုလုပ်ကြဖို့ အင်ဒိုနီးရှားသမ္မတ Joko Widodo က တောင်းဆိုလိုက်ပါတယ်။

အခုလက်ရှိ မြို့တော်ဂျကာတာကနေ ကီလိုမီတာ ၂,၀၀၀ လောက်အကွာမှာ ရှိတဲ့ ဘော်နီယိုကျွန်းပေါ်က East Kalimantan ပြည်နယ်ကို ပြောင်းရွှေ့ဖို့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ မြို့တော်အသစ်ကို Nusantara လို့ နာမည်ပေးထားပါတယ်။

သမ္မတ Joko ဟာ အင်္ဂါနေ့က ဆောက်လုပ်ရေးလုပ်ငန်းခွင်က ရုံးခန်းအဆောက်အအုံတွေနဲ့ တခြားအဆောက်အအုံတွေအတွက် အုတ်မြစ်ချအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

မြို့တော်သစ်မှာ ရင်းနှီးမြှုပ်နှံတာဟာ အနာဂတ်အတွက် ကြီးမားတဲ့ အခွင့်အလမ်းဖြစ်တယ်လို့ ဆိုပြီး သမ္မတ Joko က ပြည်တွင်းနဲ့ ပြည်ပစီးပွားရေးလုပ်ငန်းတွေကနေ ရန်ပုံငွေပိုမိုရရှိဖို့ ထပ်မံ တောင်းဆိုခဲ့ပါတယ်။

စီမံကိန်းရဲ့ စုစုပေါင်းကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၃၃.၄ ဘီလီယံလောက် ရှိတယ်လို့ အင်ဒိုနီးရှားအစိုးရအရာရှိတွေက ပြောပါတယ်။ အဲဒီကုန်ကျစရိတ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ၊ တခြားအရင်းအမြစ်တွေနဲ့ ကာမိစေဖို့ စီစဉ်ထားပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေကို အဆင့်ငါးဆင့်နဲ့ ဆောင်ရွက်လျက် ရှိပါတယ်။ ပထမအဆင့်အနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ ဗဟိုနေရာမှာ သမ္မတအိမ်တော်ကို တည်ဆောက်နေပါတယ်။

အစိုးရဟာ သြဂုတ်လမှာ နိုင်ငံရဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကို သမ္မတအိမ်တော်အသစ်မှာ ကျင်းပဖို့ ရည်မှန်းထားပါတယ်။