ပိုးချည်ထုတ်တဲ့ပိုးကောင်တွေကို အစာကျွေးတဲ့ နန်းတွင်းရိုးရာအခမ်းအနား ဂျပန်ဧကရာဇ်မိဖုရား တက်ရောက်

ဂျပန်တော်ဝင်မိသားစုဝင်တွေ ပိုးချည်ထုတ်တဲ့ ပိုးကောင်တွေကို အစာကျွေးတဲ့ ရိုးရာအခမ်းအနားတစ်ခုကို ဧကရာဇ်မိဖုရား Masako ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဂျပန်ဧကရာဇ်မိဖုရားတွေဟာ ၁၉ ရာစုနှောင်းပိုင်းကတည်းက ပိုးကောင်တွေကနေ ပိုးချည်ထုတ်တဲ့ အဲဒီရိုးရာဓလေ့ထုံးတမ်းကို လက်ဆင့်ကမ်းခဲ့ကြပါတယ်။

မိဖုရား Masako ဟာ အင်္ဂါနေ့မှာ တိုကျိုမြို့က တော်ဝင်နန်းတော်ထဲက ပိုးကောင်တွေ မွေးထားတဲ့ အဆောက်အအုံကို သွားရောက်ခဲ့ပါတယ်။ မိဖုရားဟာ ၃ စင်တီမီတာလောက် ရှည်လျားတဲ့ "koishimaru" ခေါ် ပြည်တွင်းမျိုးစိတ်ဖြစ်တဲ့ ပိုးကောင်တွေကို ပိုးစာရွက်တွေ ကျွေးခဲ့ပါတယ်။

မိဖုရားဟာ အရွက်တွေ အောက်မှာ ပိုးကောင်တွေ အလျင်အမြန် ထွက်ပေါ်လာတာကို ကြည့်ပြီး ဝမ်းသာကျေနပ်နေပုံရတယ်ဟု နန်းတွင်းရေးရာအေဂျင်စီအရာရှိတွေက ပြောပါတယ်။

နန်းတွင်းထဲမှာ နောက်ထပ် မျိုးစိတ် ၃ မျိုးကိုလည်း မွေးထားပါသေးတယ်။ အဲဒီထဲက တချို့ပိုးကောင်တွေဟာ ပိုးအိမ်တွေ ပြုလုပ်နေကြပြီလို့ ဆိုပါတယ်။

မိဖုရားဟာ ပိုးအိမ်တွေကို ရိတ်သိမ်းမှာ ဖြစ်တယ်လို့ အရာရှိတွေက ဆိုပါတယ်။

အဲဒီအဆောက်အအုံက ထုတ်လုပ်တဲ့ ပိုးထည်တွေကို နိုင်ငံခြားက ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေကို ပေးတဲ့ လက်ဆောင်ပစ္စည်းတွေမှာ အသုံးပြုမှာ ဖြစ်တယ်လို့ အေဂျင်စီက ပြောပါတယ်။