ငွေကြေးစွက်ဖက်မှုက 'ထိရောက်တယ်' လို့ ဂျပန်ဘဏ္ဍာရေးဝန်ကြီး ပြော

မကြာသေးမီက နိုင်ငံ့ငွေကြေးဈေးကွက်မှာ စွက်ဖက်ခဲ့မှုဟာ ယန်းငွေကို တည်ငြိမ်စေဖို့အတွက် အကျိုးသက်ရောက်မှု တချို့ ရှိခဲ့တယ်လို့ ဂျပန်ဘဏ္ဍာရေးဝန်ကြီး Suzuki Shunichi က ပြောကြားခဲ့ပါတယ်။

အစိုးရနဲ့ ဂျပန်ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့လအတွင်း ငွေကြေးစျေးကွက်ထဲ ယန်း ၉.၈ ထရီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံနီးပါးနဲ့ စွက်ဖက်ခဲ့တယ်လို့ သောကြာနေ့မှာ ဝန်ခံပြောဆိုပြီးနောက် မစ္စတာ Suzuki က အင်္ဂါနေ့မှာ အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စွက်ဖက်မှုတွေဟာ ယန်းငွေအတက်အကျ ပြင်းထန်မှုကို ကိုင်တွယ်ဖို့ ရည်ရွယ်ထားတယ်လို့ သူက ပြောပါတယ်။ အဲဒီလို အတက်အကျ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဈေးကွက်ကစားမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

စွက်ဖက်မှုတွေဟာ အတိုင်းအတာတစ်ခုအထိ ထိရောက်မှုရှိခဲ့တယ်လို့ ခံစားရကြောင်း မစ္စတာ Suzuki က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ငွေကြေးအတက်အကျ ဖြစ်တာကို အနီးကပ်စောင့်ကြည့်ပြီး လိုအပ်တဲ့ စီမံချက်အားလုံးကို ဆောင်ရွက်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။