ပျောက်ဆုံးနေခဲ့တဲ့ ကလေးငယ်ကို ကူညီပေးခဲ့တဲ့ မြန်မာအမျိုးသမီးကို ဂျပန်ရဲတပ်ဖွဲ့က ကျေးဇူးတင်ကြောင်း ပြော

တိုကျိုမြို့မြောက်ဘက် Nikko မြို့မှာ မြန်မာအမျိုးသမီးတစ်ဦးဟာ ပျောက်ဆုံးနေခဲ့တဲ့ ကလေးငယ်တစ်ဦးကို မိခင်နဲ့ ပြန်ဆုံတွေ့နိုင်အောင် ကူညီပေးခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က သူ့ကို ကျေးဇူးတင်ခဲ့ပါတယ်။

မထွေးထွေးရီဟာ အဲဒီမြို့က ဥယျာဉ်ခြံလုပ်ငန်းကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေပါတယ်။ မေလ ၁၈ ရက်နေ့က သူ အလုပ်သွားနေချိန် လမ်းပေါ်မှာ ပထမတန်းကျောင်းသူတစ်ဦး ငိုနေတာကို တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မထွေးထွေးရီနဲ့ ကုမ္ပဏီဥက္ကဌ Kawamura Kazunori တို့ဟာ အဲဒီကျောင်းသူရဲ့ မိခင်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

အင်္ဂါနေ့က ဒေသန္တရ ရဲမှူးကြီး Nakazato Yoji ဟာ မထွေးထွေးရီနဲ့ မစ္စတာ Kawamura ကို ကျေးဇူးတင်လွှာ ပေးအပ်ခဲ့ပါတယ်။

ကျောင်းသူရဲ့ မိသားစုဟာ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး ကလေးကို သူတို့ ရှာဖွေနေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မထွေးထွေးရီနဲ့ မစ္စတာ Kawamura တို့ရဲ့ ကူညီမှုကြောင့် သူ့ကို ရှာတွေ့နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျေးဇူးတင်လွှာကို လက်ခံရရှိပြီးနောက် မထွေးထွေးရီက ကျောင်းသူနဲ့ မိခင်ဖြစ်သူ ပြန်ဆုံတွေ့နိုင်တာကို သိရတဲ့အတွက် သူ စိတ်သက်သာရာရကြောင်း ပြောပါတယ်။