ဘေးကင်းစိတ်ချရမှုစမ်းသပ်အရှုပ်တော်ပုံကြောင့် မော်တော်ယာဉ်ထုတ်လုပ်မှု၊ တင်ပို့ရောင်းချမှုတွေကို ရပ်ဆိုင်း

မော်တော်ယာဉ်ဘေးစိတ်ချရမှုစမ်းသပ်အရှုပ်တော်ပုံမှာပါတဲ့ ဂျပန်ကုမ္ပဏီ ၅ ခုထဲက ၂ ခု က အကြုံးဝင်မှုရှိတဲ့မော်ဒယ်တွေ ထုတ်လုပ်မှုကို ရပ်ဆိုင်းထားမယ်လို့ ပြောဆိုလိုက်ပါတယ်။

Toyota က သူ့ရဲ့ Corolla Fielder မော်တော်ယာဉ်ကို ကြာသပတေးနေ့ကစပြီး ထုတ်လုပ်မှု ရပ်တန့်မှာဖြစ်သလို Miyagi နဲ့ Iwate ခရိုင်တွေမှာရှိတဲ့ စက်ရုံတွေမှာ နောက်ထပ် မော်တော်ယာဉ်နှစ်မျိုး ထုတ်လုပ်မှုကိုလည်း ရပ်တန့်ဖို့ စီစဉ်ထားပါတယ်။ Toyota ဟာ မတ်လမှာ ကုန်ဆုံးတဲ့ ဘဏ္ဍာနှစ်မှာ ဂျပန်နိုင်ငံမှာ အဲဒီမော်ဒယ်အမျိုးအစား အစင်းရေ ၁၂၀,၀၀၀ လောက် ရောင်းချခဲ့ရပါတယ်။

Mazda က Hiroshima နဲ့ Yamaguchi ခရိုင်တွေမှာရှိတဲ့ စက်ရုံတွေကနေ သူရဲ့ Roadster RF နဲ့ တခြားမော်တော်ကားထုတ်လုပ်မှုကို ရပ်ဆိုင်းဖို့ သတ်မှတ်ထားပါတယ်။

အဲဒီမော်တော်ကားနှစ်မျိုးကို မတ်လအထိ ၁နှစ်တာကာလအတွင်း အစင်းရေ ၁၈,၀၀၀ ဝန်းကျင်လောက် ရောင်းချခဲ့ရပါတယ်။

ဒီအတောအတွင်း Yamaha ဟာ မသင့်လျော်တဲ့အခြေအနေအောက်မှာ ဆိုင်ကယ်အမျိုးအစားသုံးမျိုးအတွက် ဆူညံသံစစ်ဆေးမှုတွေပြုလုပ်ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ Yamaha က YZF-R1 မော်ဒယ်တစ်မျိုးကိုပဲ တင်ပို့ရောင်းချမှု ရပ်ဆိုင်းထားပါတယ်။

ဒီအရှုပ်တော်ပုံတွေက ပြည်တွင်းစီးပွားရေးနှင့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေအပေါ် သက်ရောက်မှုရှိမှာကို စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာလည်း Toyota ရဲ့ လုပ်ငန်းခွဲ Daihatsu Motor ဟာ ဘေးကင်းစိတ်ချရမှု အရှုပ်တော်ပုံတစ်ခု ပေါ်ပေါက်လာပြီးတဲ့နောက် ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီး ထောင်နဲ့ချီတဲ့ အစိတ်အပိုင်းပေးသွင်းသူတွေအပေါ် ဂယက်ရိုက်သွားခဲ့ပါတယ်။

အဲဒါက ဂျပန်ရဲ့ လတ်တလောနောက်ဆုံးစီးပွားရေးတိုးတက်မှု ကိန်းဂဏန်းတွေ သုံးလပတ်ကာလ နှစ်ကြိမ်အတွင်း ပထမဆုံးအကြိမ် ကျဆင်းသွားရတဲ့ အဓိကအကြောင်းရင်းဖြစ်ခဲ့ပါတယ်။