ဂျပန်အစိုးရက Toyota ကုမ္ပဏီရုံးချုပ်မှာ ဝင်ရောက်စစ်ဆေးမှု စတင်

ဂျပန်အစိုးရအရာရှိတွေဟာ ဂျပန်နိုင်ငံအလယ်ပိုင်း Aichi ခရိုင်ရှိ Toyota Motor ရုံးချုပ်မှာ ဝင်ရောက်စစ်ဆေးတာကို လုပ်ဆောင်နေပါတယ်။

Toyota နဲ့ တခြားဂျပန် ကုန်ထုတ်လုပ်ငန်း ၄ ခုက သူတို့ရဲ့မော်တော်ကားတွေအတွက် အတည်ပြုချက်ရရှိဖို့ စွမ်းဆောင်ရည်စစ်ဆေးမှုတွေကို အတုအယောင် လုပ်ခဲ့တယ်ဆိုတာ ဝန်ခံခဲ့ပြီးတဲ့နောက် အခုလိုမျိုး စစ်ဆေးမှုဖြစ်ပေါ်လာခဲ့တာပါ။

ကုန်းလမ်းကုန်တင်ယာဉ်ဥပဒေအပေါ် အခြေခံပြီး သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ စစ်ဆေးမှုကို အင်္ဂါနေ့မှာ စတင်ခဲ့တာဖြစ်ပါတယ်။ စမ်းသပ်ဒေတာတွေမှာ ဘာတွေကို အတုအယောင်လုပ်ထားတယ်၊ ဒီကိစ္စနဲ့ဆက်နွယ်နေတဲ့ ကုမ္ပဏီတွင်းစည်းမျဉ်းစည်းကမ်းတွေကို ဆုံးဖြတ်နိုင်ဖို့ ဝန်ကြီးဌာနက ကြိုးပမ်းနေပါတယ်။

စစ်ဆေးရေးမှူးတွေဟာ အမှုဆောင်အရာရှိတွေနဲ့ တခြားဝန်ထမ်းတွေကို တွေ့ဆုံမေးမြန်းနေပါတယ်။

လမ်းသွားလမ်းလာတွေကို ယာဉ်တိုက်မိတဲ့ အသွင်နဲ့ လုပ်ဆောင်တဲ့ ယာဉ်စမ်းသပ်မှုတွေနဲ့ ပတ်သက်တဲ့ ဒေတာကို အတုအယောင်ပြုလုပ်ထားတယ်ဆိုတာ Toyota က အတည်ပြုခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုထဲမှာ လက်ရှိထုတ်လုပ်နေတဲ့ မော်တော်ယာဉ်မော်ဒယ်သုံးမျိုး ပါဝင်ပါတယ်။

ယာဉ်တိုက်မှုစမ်းသပ်မှုတွေမှာ အသုံးပြုတဲ့ မော်တော်ကားတွေရဲ့ တည်ဆောက်မှုမှာ မမှန်မကန်ပြုလုပ်ထားတယ်ဆိုတာ Toyota က အတည်ပြုခဲ့ပါတယ်။ အဲဒီအထဲမှာ ထုတ်လုပ်မှုမပြုတော့တဲ့ မော်တော်ကားမော်ဒယ်လေးမျိုး ပါဝင်ပါတယ်။

မမှန်မကန်လုပ်ဆောင်ထားတယ်ဆိုတာ ဝန်ခံထားတဲ့ တခြားမော်တော်ယာဉ်ထုတ်လုပ်ကုမ္ပဏီတွေကတော့ Mazda၊ Yamaha၊ Honda နဲ့ Suzuki တို့ဖြစ်ပါတယ်။ ဝန်ကြီးဌာနက အဲဒီကုမ္ပဏီတွေကို ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။