ဂါဇာကမ်းမြောင်အတွက် အမေရိကန်သမ္မတရဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို G7 အပြည့်အဝ ထောက်ခံ

ဂါဇာကမ်းမြောင်ဒေသအတွက် အမေရိကန်သမ္မတ Joe Biden ရဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အပြည့်အဝထောက်ခံတယ်လို့ ၇ နိုင်ငံအုပ်စု (G7) ခေါင်းဆောင်တွေက ကြေညာလိုက်ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ “ကျွန်တော်တို့ ၇ နိုင်ငံအုပ်စုရဲ့ ခေါင်းဆောင်တွေဟာ ကျယ်ပြန့်တဲ့သဘောတူညီချက်ကို အပြည့်အ၀ထောက်ခံပြီးဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေးကို ဦးတည်မယ့်အဲဒီနောက်မှာ ရပ်တည်သွားမယ်” လို့ ဆိုထားပါတယ်။ သဘောတူညီချက်ဟာ "ဓားစာခံအားလုံးကို လွှတ်ပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သိသိသာသာတိုးမြင့်လာရေး" နဲ့ "အကျပ်အတည်းအဆုံးသတ်တဲ့အထိ တာရှည်ခံရေး" တို့ကို ဦးတည်သွားမယ်လို့ ဆိုပါတယ်။

ဒီသဘောတူညီချက်ကို လက်ခံဖို့ G7 က ဟားမတ်စ်ကို တောင်းဆိုနေပြီး “အဲဒါကို လိုက်နာအကောင်အထည်ဖော်ရေး သေချာစေဖို့ ဟားမတ်စ်အပေါ် သြဇာလွှမ်းမိုးတဲ့နိုင်ငံတွေကို ကူညီပေးဖို့” တိုက်တွန်းထားပါတယ်။

သမ္မတ Biden ဟာ သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေးအပါအဝင် သူ့ရဲ့ အဆင့် သုံးဆင့်ပါ သဘောတူညီချက်ကို သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီအတောအတွင်း ဂါဇာအလယ်ပိုင်းရှိ ဒုက္ခသည်စခန်းတစ်ခု တိုက်ခိုက်ခံရတဲ့အတွက် အရပ်သား ၃ ဦးသေဆုံးတာ အပါအဝင် အသေအပျောက်များစွာရှိခဲ့တယ်လို့ ပါလက်စတိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ညအချိန် တိုက်ခိုက်မှုတစ်ခုမှာ လူ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သူတို့က ဆိုပါတယ်။