ဂျပန်မှာ ရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ အကြီးအကဲရာထူးကို ပင်တဂွန်စစ်ဌာနချုပ်က တိုးမြှင့်ဖွယ် ရှိ

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဂျပန်နိုင်ငံမှာ ရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ တပ်မှူးတွေကို ရာထူးတိုးမြှင့်ဖွယ် ရှိတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

မစ္စတာ Austin ဟာ တနင်္လာနေ့က စင်္ကာပူမှာ သတင်းထောက်တွေနဲ့ စကားပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ ဂျပန်တပ်ဖွဲ့တွေရဲ့ ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှုစနစ်ကို အဆင့်မြှင့်တင်ဖို့ ဧပြီလမှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲမှာ သဘောတူခဲ့တာကို ရည်ညွှန်းပြီး သတင်းထောက်တစ်ဦးက ဘယ်လိုစနစ်မျိုးဟာ အကောင်းဆုံးဖြစ်မလဲလို့ မေးမြန်းခဲ့ပါတယ်။

မစ္စတာ Austin က ဂျပန်မှာ ကြယ်လေးပွင့်တပ်မှူး ထားရှိမလားဆိုတာကို "အကဲဖြတ်နေတယ်" လို့ ပြန်ဖြေခဲ့ပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြေညာစရာ မရှိဘူးလို့ ပြောပါတယ်။

အခုလက်ရှိ ဂျပန်မှာ ရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရှိတဲ့ တပ်မှူးတစ်ဦးက ဦးဆောင်နေပါတယ်။ တကယ်လို့ အဲဒီထက် ရာထူးတိုးမြှင့်ပေးထားတဲ့ ဗိုလ်ချုပ်ကြီးကို ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ရင် အဲဒီခေါင်းဆောင်ဟာ စစ်ဆင်ရေးကွပ်ကဲမှု ဆောင်ရွက်ဖို့အတွက် အခွင့်အာဏာရှိလာမှာပါ။

ဂျပန်ဟာ လာမယ့်နှစ် မတ်လမကုန်ခင် မြေပြင်၊ ရေကြောင်းနဲ့ လေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အမြဲတမ်း ပူးတွဲစစ်ဆင်ရေးကွပ်ကဲမှုစနစ်ကို ထူထောင်ဖို့ လုပ်ဆောင်နေချိန်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ ပြောဆိုမှု ထွက်ပေါ်လာတာပါ။

ပင်တဂွန်စစ်ဌာနချုပ်ဟာ ဂျပန်နဲ့ အလားတူအဆင့်ရှိတဲ့ တပ်မှူးတွေကို ဘယ်မှာ ထားရှိမလဲဆိုတာနဲ့ တခြားအရေးကိစ္စတွေကို လေ့လာနေပါတယ်။