အမေရိကန်ဒုတိယသမ္မတ ဆွစ်ဇာလန်ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေး တက်ရောက်မယ်လို့ အိမ်ဖြူတော် ပြောဆို

အခုလနှောင်းပိုင်း ဆွစ်ဇာလန်မှာကျင်းပမယ့် ယူကရိန်းငြိမ်းချမ်းရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးကို ဒုတိယသမ္မတ Kamala Harris တက်ရောက်မယ်လို့ အမေရိကန်အိမ်ဖြူတော်က ပြောပါတယ်။

အဲဒီအစည်းအဝေးကို အမေရိကန်ပြည်ထောင်စု ကိုယ်စားပြုပြီးတက်ရောက်တဲ့ ဒုတိယသမ္မတနဲ့အတူ နိုင်ငံ့လုံခြုံရေးအကြံပေး Jake Sullivan ပါဝင်မယ်လို့ တနင်္လာနေ့ ကြေညာချက်မှာ အိမ်ဖြူတော်က ဖြည့်စွက်ပြောဆိုထားပါတယ်။

ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို ဇွန်လ ၁၅ ရက် နဲ့ ၁၆ ရက်တို့မှာ ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပဖို့စီစဉ်ထားပြီး ယူကရိန်းက ထောက်ခံအားပေးတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy က အဲဒီဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ Joe Biden ပါဝင်ဖို့ တောင်းဆိုထားပါတယ်။

မစ္စတာ Biden ဟာ သူ့ရဲ့သမ္မတရွေးကောက်ပွဲမဲဆွယ်မှုအတွက် ရန်ပုံငွေရှာဖွေပွဲကို ဇွန်လ ၁၅ ရက်နေ့ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။