ငြိမ်းချမ်းရေးနှစ်ပတ်လည်အခမ်းအနားကို အစ္စရေးသံအမတ်ကို မဖိတ်ကြားဖို့ နာဂါ့စာကီမြို့ ဆုံးဖြတ်

နာဂါ့စာကီမြို့ပေါ် အမေရိကန်က အဏုမြူဗုံးကြဲချခြင်း နှစ်ပတ်လည်အခမ်းအနားကို ဂျပန်ဆိုင်ရာ အစ္စရေးသံအမတ်ကို မဖိတ်ကြားဖို့ ဆုံးဖြတ်ခဲ့ကြောင်း နာဂါ့စာကီမြို့ဝန်က ပြောကြားခဲ့ပါတယ်။

မြို့ဝန် Suzuki Shiro ဟာ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသက လူသားချင်းစာနာထောက်ထားမှုအခြေအနေ ဆိုးဝါးလာနေတာနဲ့ ဒါကို နိုင်ငံတကာက ဘယ်လို ရှုမြင်သလဲဆိုတာကို ထည့်သွင်းစဉ်းစားပြီး သူ့အနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ရတယ်လို့ သူက ပြောပါတယ်။

ဩဂုတ်လ ၉ ရက်နေ့မှာ ကျင်းပမယ့် အဲဒီအခမ်းအနားမှာ မျှော်လင့်မထားတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ကို ဖယ်ရှားလို့ မရကြောင်း မစ္စတာ Suzuki က ပြောပါတယ်။ အဲဒီအခမ်းအနားရဲ့ ရည်ရွယ်ချက်ဟာ အဏုမြူဗုံးဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေကို အောက်မေ့သတိရဖို့ဖြစ်တယ်၊ အဲဒါကြောင့် အနှောင့်အယှက်တွေ ဖြစ်လာမှာကို သည်းမခံဘူးလို့ သူက ပြောပါတယ်။

အစ္စရေးသံအမတ်ဆီ ဖိတ်ကြားစာ ပို့မယ့်အစား ဂါဇာကမ်းမြောင်ဒေသမှာ အကြမ်းဖက်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုထားတဲ့ စာတစ်စောင် ပေးပို့မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဂျပန်ဆိုင်ရာ ပါလက်စတိုင်းသံအမတ်ဆီကိုတော့ ပုံမှန်အတိုင်း ဖိတ်ကြားစာတစ်စောင် ပေးပို့မှာ ဖြစ်တယ်လို့ မစ္စတာ Suzuki က ပြောပါတယ်။

ဟီရိုရှီးမားမြို့က အခုနှစ်ရဲ့ ငြိမ်းချမ်းရေးအမှတ်တရအခမ်းအနားမှာ အစ္စရေးသံအမတ်ကို ဖိတ်ကြားဖို့ ဆုံးဖြတ်လိုက်ပြီးနောက် နာဂါ့စာကီမြို့မှာ အာရုံစိုက်မှုတွေ ရှိနေခဲ့ပါတယ်။