Tiananmen ရင်ပြင်အဖြစ်အပျက် ၃၅ နှစ်ကြာ၊ ကျန်ရစ်သူမိသားစုတွေရဲ့ တောင်းဆိုချက်တွေဖိနှိပ်ခံရ

အင်္ဂါနေ့ဟာ ဘေဂျင်းမြို့ရှိ Tiananmen ရင်ပြင်မှာ တရုတ်အာဏာပိုင်တွေက ဒီမိုကရေစီတောင်းဆိုလှုပ်ရှားသူတွေကို ဖြိုခွင်းခဲ့တာ ၃၅ နှစ်မြောက်တဲ့နေ့ဖြစ်ပါတယ်။

တရုတ်သမ္မတ Xi Jinping ဦးဆောင်မှုအောက်မှာ အာဏာပိုင်တွေဟာ ထိန်းချုပ်မှုကို တင်းတင်းကျပ်ကျပ်ပြုလုပ်ထားပါတယ်။ ဒီအဖြစ်အပျက်အကြောင်း အမှန်တရားကိုရှာဖွေဖို့ ကျန်ရစ်သူမိသားစုတွေက တောင်းဆိုတာကို သူတို့က ပိုက်စိတ်တိုက် နှိပ်ကွပ်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ တရုတ်တပ်ဖွဲ့တွေက ဒီမိုကရေစီရေးတောင်းဆိုဖို့ ရင်ပြင်အတွင်းနဲ့ အနီးတဝိုက်မှာစုရုံးနေတဲ့ ကျောင်းသားတွေနဲ့ တခြားသူတွေကို ပစ်ခတ်ခဲ့ပါတယ်။ လူပေါင်း ၃၁၉ ဦး သေဆုံးခဲ့တယ်လို့ တရုတ်အစိုးရက ပြောပေမဲ့ တချို့သူတွေက အရေအတွက်ဟာ ပိုပြီးများတယ်လို့ ဆိုပါတယ်။

"Tiananmen Mothers" လို့ခေါ်တဲ့ သေဆုံးခဲ့ရတဲ့သူတွေရဲ့ ဆွေမျိုးသားချင်းအုပ်စုတစ်စုက သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာ လူ ၁၁၄ ဦး လက်မှတ်ရေးထိုးထားတဲ့ ကြေညာချက်ကို မေလမှာ တင်ခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာ သေဆုံးသူအရေအတွက်နဲ့ သူတို့ရဲ့နာမည်တွေကို လူသိရှင်ကြားထုတ်ပြန်ဖို့၊ သေဆုံးသူတွေနဲ့ သူတို့ရဲ့မိသားစုတွေကို လျော်ကြေးပေးဖို့၊ အဲဒီအဖြစ်အပျက်အတွက် ဥပဒေကြောင်းအရတာဝန်ယူဖို့ အစိုးရကို တောင်းဆိုထားပါတယ်။

တရုတ်နိုင်ငံတွင်းမှာ ဝင်ရောက်ကြည့်ရှုလို့မရအောင် ကန့်သတ်ထားတဲ့အတွက် တရုတ်ပြည်သူတွေဟာ အဲဒီအွန်လိုင်းကြေညာချက်ကို ဖတ်ရှုလို့မရပါဘူး။

ဒီအဖြစ်အပျက်ကို လူသိရှင်ကြားဆွေးနွေးတာကို တရုတ်နိုင်ငံတွင်းမှာ တားမြစ်ချက်အဖြစ် မှတ်ယူထားပါတယ်။ တရုတ်အစိုးရက ဒီအဖြစ်အပျက်ဟာ “မငြိမ်မသက်ဖြစ်မှု” ဖြစ်တယ်ဆိုတာနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချခဲ့တယ်ဆိုတာကို ကိုင်စွဲထားပါတယ်။