အဏုမြူဗုံးဒဏ်ကြောင့်သေဆုံးသူ အမည်စာရင်းဖြည့်စွက်မှု နှစ်စဉ်လုပ်ငန်း ဟီရိုရှီးမားမှာ စတင်

၁၉၄၅ ခုနှစ်က အဏုမြူဗုံးဒဏ်ကြောင့် သေဆုံးသူစာရင်းမှာ နာမည်သစ်တွေကို ဖြည့်စွက်တာကို ဟီရိုရှီးမားမြို့မှာ စတင်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း သေဆုံးခဲ့တဲ့ အဏုမြူဗုံးဒဏ်က အသက်ရှင်လွတ်မြောက်လာသူ ဒါမှမဟုတ် အဲဒီဗုံးဒဏ်ကြောင့် သေဆုံးခဲ့တာကို အတည်ပြုနိုင်သူတွေရဲ့ နာမည်တွေကို စာရင်းမှာ ဖြည့်စွက်တဲ့လုပ်ငန်းကို နှစ်စဉ် ဒီမြို့က လုပ်ဆောင်နေပါတယ်။ ဩဂုတ်လ ၆ ရက်နေ့မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေး အောက်မေ့ဖွယ် အခမ်းအနားမှာ အဲဒီနာမည်စာရင်းကို အထိမ်းအမှတ်ကျောက်တိုင်ထဲ ထည့်သွင်းမှာဖြစ်ပါတယ်။

ဟီရိုရှီးမားမြို့ အုပ်ချုပ်ရေးရုံးမှာ တနင်္လာနေ့က နာမည်စာရင်းသွင်းတာ စတင်ခဲ့ပြီး သြဂုတ် ၅ ရက်အထိ ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

သေဆုံးသူ ၃၃၉,၂၂၇ ဦးရှိတဲ့ စာရင်းမှာ အခုနှစ်အတွင်း နာမည်ပေါင်း ၄,၁၀၀ လောက် ဖြည့်စွက်မယ်လို့ မြို့ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီစာရင်းအတွက် ဆုတောင်းပြီးတဲ့နောက်မှာ Ikegame Kazuko နဲ့ Nakamoto Nobuko တို့က သေဆုံးသူတွေရဲ့ နာမည်နဲ့ အသက်တွေကို စတင်ရေးသားခဲ့ကြပါတယ်။ ဒီအမျိုးသမီး နှစ်ဦးစလုံးဟာ အဏုမြူဗုံးဒဏ်က လွတ်မြောက်လာသူတွေဖြစ်ပြီး မြို့ရဲ့ အရာရှိဟောင်းတွေ ဖြစ်ကြပါတယ်။

အဲဒီဗုံးဒဏ်ကြောင့် သေဆုံးသွားသူတွေနဲ့ အခက်အခဲတွေ ကြုံတွေ့ခဲ့ရသူတွေအတွက် ဆုတောင်းရင်း သေဆုံးသူတွေရဲ့ နာမည်တွေကို ဂရုတစိုက် ဆက်လက်ရေးသားသွားမယ်လို့ မီးစ် Ikegame က ပြောပါတယ်။

မီးစ် Nakamoto က သူဟာ ဒီအဖြစ်ဆိုးကြီးကို ပြန်အမှတ်ရရင်း အဲဒီအမှတ်တရတွေကို လူငယ်တွေဆီ လက်ဆင့်ကမ်းဖို့ ဆိုတဲ့ခံစားချက်နဲ့ နာမည်တွေကို ရေးခဲ့တယ်လို့ ဆိုပါတယ်။