ဂျပန်နိုင်ငံရဲ့ ဒီဇိုင်းသစ်နဲ့ ငွေစက္ကူတွေအတွက် စီးပွားရေးလုပ်ငန်းတွေ အသင့်ပြင်နေကြ

ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ငွေစက္ကူ ဒီဇိုင်းကို ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။ ငွေစက္ကူသစ် ၃ မျိုးကို ဇူလိုင် ၃ ရက်မှာ ဖြန့်ချိမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေဟာ ဒီငွေစက္ကူသစ်တွေကိုလက်ခံဖို့စနစ်တွေ တပ်ဆင်ရင်း အလုပ်များနေကြပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စစ်တမ်းတစ်ခုအရ ဘဏ်က အလိုအလျောက်ငွေထုတ်စက် ATM တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ အဲဒီငွေစက္ကူသစ်တွေ ပေါ်လာတဲ့အခါမှာ ကိုင်တွယ်ဆောင်ရွက်နိုင်မယ်ဆိုတာ တွေ့ရှိရပါတယ်။

ရထားလက်မှတ်ရောင်းစက်တွေနဲ့ အဓိက ၂၄ နာရီစတိုးဆိုင်တွေရဲ့ ငွေသားလက်ခံရေးစက်တွေရဲ့ ၈၀ ကနေ ၉၀ ရာခိုင်နှုန်းဟာလည်း အသင့်ဖြစ်နေမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကားရပ်နားတဲ့နေရာတွေက ငွေချေစက်နဲ့ စားသောက်ဆိုင်တွေက လက်မှတ်ရောင်းစက်တွေရဲ့ ထက်ဝက်လောက်ပဲ ဒီငွေစက္ကူသစ်တွေကို ကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

အဖျော်ယမကာ အရောင်းစက်တွေရဲ့ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းပဲ အချိန်မီ အပြောင်းအလဲလုပ်နိုင်ဖို့ ရှိပါတယ်။

အပြောင်းအလဲလုပ်ဖို့ မြင့်မားတဲ့ ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီးအသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေက အပြစ်ဆိုနေကြပြီး တချို့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေက ထောက်ပံ့ကြေးတွေ ပေးနေပါတယ်။

အခု ဒီဇိုင်းပြောင်းလဲတာတွေဟာ ငွေစက္ကူအတုလုပ်မှု ခက်ခဲစေဖို့နဲ့ လူတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

လက်ရှိပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၆၀ ကျော် တန်ဖိုးရှိတဲ့ ယန်း ၁၀,၀၀၀ တန် ငွေစက္ကူရဲ့ မျက်နှာပြင်မှာ ဂျပန်ရဲ့ ခေတ်မီစီးပွားရေး ဖခင်ကြီးလို့ လူသိများတဲ့ Shibusawa Eiichi ပုံပါရှိမှာ ဖြစ်ပါတယ်။

ယန်း ၅,၀၀၀ တန် ငွေစက္ကူမှာ ဂျပန်အမျိုးသမီးတွေထဲမှာ နိုင်ငံခြားမှာ ပထမဆုံး ပညာသင်ကြားခဲ့သူဖြစ်ပြီး ဂျပန့်ပညာရေး ဦးဆောင်လမ်းပြသူဖြစ်တဲ့ Tsuda Umeko ရဲ့ ရုပ်ပုံပါဝင်မှာ ဖြစ်ပါတယ်။

ယန်း ၁,၀၀၀ တန် ငွေစက္ကူမှာတော့ မေးခိုင်ရောဂါ ကုထုံးကို တီထွင်ခဲ့တဲ့ ဘက်တီးရီးယား ပညာရှင် Kitasato Shibasaburo ရဲ့ပုံ ပါဝင်ပါတယ်။