မိုးသည်းထန်မှု မြေပြိုမှုတွေအတွက် ဂျပန် မိုးလေဝသ တာဝန်ရှိသူတွေ သတိပေး

Tohoku နဲ့ Kanto-Koshin ဒေသတွေမှာ လေထုအနေအထား အကြီးအကျယ် မတည်မငြိမ်ဖြစ်နေတာကြောင့် တနင်္လာနေ့နှောင်းပိုင်းအထိ မိုးသည်းထန်နိုင်တယ်လို့ ဂျပန်မိုးလေဝသတာဝန်ရှိသူတွေက ပြောပါတယ်။ မြေပြိုမှုတွေနဲ့ တခြားဘေးအန္တရာယ်တွေကို သတိထားကြဖို့ သူတို့က အကြံပြုနေပါတယ်။

နိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းက ဒေသတွေမှာ မြင့်မားတဲ့ကောင်းကင်ယံမှာ ပုံမှန်ထက် အေးတဲ့လေတွေ စီးဆင်းနေတာကြောင့် အဲဒီလိုမတည်မငြိမ်ဖြစ်ရတာလို့ မိုးလေဝသအေဂျင်စီက ဆိုပါတယ်။ ဂျပန်ပင်လယ်က လေဖိအားနည်းရပ်ဝန်းထဲကို စီးဝင်နေတဲ့ စိုစွတ်တဲ့လေတွေကလည်း အဲဒီလို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ဆိုပါတယ်။

တနင်္ဂနွေနေ့မှာ ဒေသအလိုက် မိုးသည်းထန်ခဲ့ပြီး မြေကြီးတွေ ပျော့ပြောင်းနေတာကြောင့် Kanto ဒေသမှာနေထိုင်သူတွေအနေနဲ့ မိုးနည်းနည်း ရွာသွန်းရင်တောင် မြေပြိုမှုတွေ ဖြစ်နိုင်တာကို သတိရှိကြဖို့ မိုးလေဝသတာဝန်ရှိသူတွေ အကြံပြုနေပါတယ်။

ဒါအပြင် မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးတာနဲ့ မြစ်ချောင်းတွေ ရေလျှံတာကို သတိထားဖို့ တာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။ လေဆင်နှာမောင်း၊ နေရာကွက်ကျား မိုးသည်းထန်တာနဲ့ မိုးသီးကြွေတာတွေ အပါအဝင် မိုးကြိုးပစ်တာ၊ လေပြင်းတိုက်ခတ်တာတွေကို သတိထားကြဖို့လည်း သူတို့က အကြံပြုထားပါတယ်။

ရုတ်တရက် မှောင်လာတာ၊ လေအေးတွေ စတင်တိုက်ခတ်လာတာနဲ့ ကြီးမားလာတဲ့ မိုးကြိုးတိမ်တိုက်တွေ ချဉ်းကပ်လာတဲ့ လက္ခဏာ တွေ့ရချိန်မှာ ခိုင်ခံ့တဲ့ အဆောက်အအုံတွေမှာ ခိုလှုံနေပြီး ဘေးကင်းအောင်နေကြဖို့ အကြံပြုထားပါတယ်။