အိရှိခါဝါ့ မှာ နောက်ထပ်ငလျင်တွေ လှုပ်နိုင်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီသတိပေး

တနင်္လာနေ့မနက်ပိုင်းက ငလျင်လှုပ်ခဲ့တဲ့ဒေသမှာ နေထိုင်တဲ့ပြည်သူတွေအနေနဲ့ ကျောက်တုံးတွေပြိုကျတာနဲ့ မြေပြိုတာတွေအတွက် သတိရှိကြဖို့ ဂျပန်မိုးလေဝသအေဂျင်စီက တိုက်တွန်းနေပါတယ်။

အဲဒီငလျင်ဟာ ဂျပန်နိုင်ငံအလယ်ပိုင်း အိရှိခါဝါ့ခရိုင်မှာ လှုပ်ခဲ့ပြီး သုညကနေ ၇ အထိရှိတဲ့ဂျပန်ရဲ့ ငလျင်တိုင်းတာတဲ့စနစ်အရ ပြင်းအား ၅ အပြင်းစားရှိခဲ့ပါတယ်။

ငလျင်လှုပ်မှုပြင်းတဲ့အရပ်တွေမှာ ကျောက်တုံးတွေ ပြိုကျနိုင်တဲ့အန္တရာယ်မြင့်တက်လာတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ နိုးနိုးကြားကြားရှိဖို့လိုတယ်လို့ မိုးလေဝသအေဂျင်စီရဲ့ အကြီးတန်းအရာရှိတဦးက သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

လာမည့်ရက်သတ္တပတ်အတွင်း အလားတူ အင်အားပြင်းတဲ့ငလျင်တွေ ထပ်လှုပ်နိုင်ပြီး အဲဒီနောက် ရက်အနည်းငယ်အတွင်းမှာ ကြီးမားတဲ့ငလျင်တစ်ခု ထပ်လှုပ်နိုင်တယ်လို့ အဲဒီအရာရှိက သတိပေးပါတယ်။

ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့က ငလျင်အပါအဝင် အဲဒီဒေသမှာ ငလျင်လှုပ်မှုတွေဟာ သုံးနှစ်ကျော်ကြာ ဆက်လက်ဖြစ်ပွားနေခဲ့တယ်လို့ သူက ဆိုပါတယ်။

အချိန်ကာလတစ်ခုအထိ လှုပ်ခတ်တာတွေ ဆက်လက်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရတယ်ဆိုတာကို သူက သတိပေးခဲ့ပါတယ်။