တောင်အာဖရိကနိုင်ငံမှာ ANC ပါတီ လွှတ်တော်မှာ အများစုအင်အားကို ပထမဆုံးအကြိမ် လက်လွှတ်ရ

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုကြာ အာဏာထိန်းသိမ်းလာခဲ့တဲ့ တောင်အာဖရိကရဲ့ အာဏာရ အာဖရိကအမျိုးသားကွန်ဂရက်ပါတီ (ANC) ဟာ လွှတ်တော်မှာ အမတ်နေရာအများစုအင်အားကို ပထမဆုံးအကြိမ် ဆုံးရှုံးခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က အထွေထွေရွေးကောက်ပွဲ ရလဒ်တွေကို တနင်္ဂနွေနေ့မှာ တောင်အာဖရိက ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါတယ်။

ရလဒ်တွေအရ ANC ဟာ လွှတ်တော်ရဲ့ အမတ်နေရာ ၄၀၀ မှာ ၁၅၉ နေရာ အနိုင်ရခဲ့ပါတယ်။ ဒါဟာ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲမှာ ဒီပါတီအနေနဲ့ အများစုအင်အား မရခဲ့တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်မှာ လူမျိုးပေါင်းစုံ နိုင်ငံသားတွေ မဲပေးခွင့်ရခဲ့တဲ့ တောင်အာဖရိကရဲ့ ပထမဆုံး ဒီမိုကရေစီရွေးကောက်ပွဲမှာ ANC က အနိုင်ရခဲ့ပြီး Nelson Mandela ဟာ ဒီနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့ အကျင့်ပျက်ခြစားမှု၊ စီးပွားရေး နှေးကွေးမှုနဲ့ လုံခြုံရေးအခြေအနေ ဆိုးရွားလာမှုတွေကြောင့် လူထုရဲ့ မကျေနပ်မှုတွေ တိုးလာနေတဲ့အကြား ဒီပါတီအပေါ် ထောက်ခံမှုတွေ လျော့နည်းလာခဲ့ပါတယ်။

ANC ကို ဦးဆောင်သူ သမ္မတ Cyril Ramaphosa က "နိုင်ငံရေး ပါတီတွေရဲ့ ခေါင်းဆောင်တွေအနေနဲ့ ပြည်သူတွေရဲ့ အသံကို နားထောင်ပြီး သူတို့ရဲ့ ရွေးချယ်မှုနဲ့ ဆန္ဒတွေကို လေးစားရမယ်" လို့ ပြောကြားခဲ့ပါတယ်။

ANC ဟာ ဒုတိယနေရာအများဆုံးရရှိထားတဲ့ လူဖြူတွေ ဦးဆောင်တဲ့ Democratic Alliance ပါတီနဲ့ ANC ကနေ ထွက်ခွာသွားခဲ့တဲ့ သမ္မတဟောင်း Jacob Zuma ဦးဆောင်တဲ့ တတိယ အင်အားကြီးပါတီ အပါအဝင် တခြားပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ ညှိနှိုင်းမှုတွေ စတင်မယ်လို့ မျှော်လင့်ရပါတယ်။

တည်ငြိမ်တဲ့ အစိုးရတစ်ရပ်အတွက် ညွန့်ပေါင်းဖွဲ့ဖို့ လိုအပ်တဲ့သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး ပါတီတွေအကြား သဘောတူညီမှုတစ်ရပ် ရနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။