မဂ္ဂနီကျုဒ် ၆ ရှိတဲ့ငလျင် အိရှိခါဝါ့ခရိုင်မှာလှုပ်ခဲ့

ဂျပန်မိုးလေဝသအေဂျင်စီက မဂ္ဂနီကျုဒ် ၆.၀ ရှိတဲ့ ငလျင်တစ်ခု အိရှိခါဝါ့ခရိုင်မှာ လှုပ်ခဲ့တယ်လို့ ပြောပါတယ်။ ဆူနာမိအန္တရာယ်မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီငလျင်ဟာ တနင်္လာနေ့ မနက် ၆ နာရီ ၃၁ မိနစ်ဝန်းကျင်မှာ လှုပ်ခဲ့တယ်လို့ မိုးလေဝသအေဂျင်စီက ပြောဆိုလိုက်ပြီး ငလျင်ရဲ့ဗဟိုချက်ဟာ ၁၄ ကီလိုမီတာ အနက်မှာရှိမယ်လို့ခန့်မှန်းပါတယ်။

မိုးလေဝသအေဂျင်စီက မဂ္ဂနီကျုဒ် ၅.၉ ရှိတဲ့ အဲဒီငလျင်ဟာ အနက် ၁၀ ကီလိုမီတာမှာဖြစ်တယ်လို့ ခန့်မှန်းထားတယ်ဆိုတာကို ကနဦးမှာကြေညာခဲ့ပါတယ်။

ဂျပန်ရဲ့ သုညကနေ ခုနစ် အထိရှိတဲ့ ငလျင်တိုင်းတာတဲ့စနစ်အရ အိရှိခါဝါ့ခရိုင်ရှိ ဝါဂျီးမ နဲ့ စုဇုမြို့တွေမှာ ပြင်းအား ၅ အပြင်းစားရှိတဲ့ငလျင်တွေ လှုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။

အဲဒီငလျင်ဟာ နိုတိုမြို့မှာ ပြင်းအား ၅ အပျော့စား၊ နာနာအိုမြို့ ၊ အနာမိဇုမြို့နဲ့ နီးအိဂါ့တခရိုင်ရှိ တချို့မြူနီစီပယ်အုပ်ချုပ်ရေးဒေသတွေမှာ ပြင်းအား ၄ လှုပ်ခဲ့တယ်လို့ မိုးလေဝသအေဂျင်စီက ပြောပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် Hokuriku Shinkansen နဲ့ Joetsu Shinkansen ကျည်ဆန်ရထားပြေးဆွဲမှုတွေကို ခေတ္တဆိုင်းငံ့ထားခဲ့တယ်လို့ East Japan Railway ကုမ္ပဏီက ပြောပါတယ်။ မနက် ၆ နာရီ မိနစ် ၅၀ မှာ ရထားပြေးဆွဲမှုတွေကို ပြန်လည်စတင်ခဲ့ပါတယ်။