OPEC Plus က ရေနံထုတ်လုပ်မှုလျှော့ချရေးကို ၁ နှစ် သက်တမ်းတိုးဖို့ သဘောတူ

OPEC Plus လို့ လူသိများတဲ့ ရေနံထုတ်လုပ်တဲ့ အဓိကနိုင်ငံတွေရဲ့ အုပ်စုက သူတို့ရဲ့ လက်ရှိထုတ်လုပ်မှုလျှော့ချရေးမူဘောင်ကို ၂၀၂၅ ခုနှစ်ကုန်အထိ ၁ နှစ် သက်တမ်းတိုးဖို့ သဘောတူခဲ့ကြပါတယ်။

ရေနံတင်ပို့တဲ့နိုင်ငံများအဖွဲ့ (OPEC) နဲ့ ရုရှားလိုမျိုး ရေနံအမြောက်အမြားထုတ်လုပ်တဲ့နိုင်ငံတွေရဲ့ ဝန်ကြီးအဆင့် အွန်လိုင်းအစည်းအဝေးကို တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာ အခုနှစ်ကုန်မှာ သက်တမ်းကုန်ဆုံးမယ့် လက်ရှိဖြတ်တောက်လျှော့ချမှုတွေကို သက်တမ်းတိုးဖို့ သဘောတူညီခဲ့တယ်လို့ ပြောဆိုထားပါတယ်။ တစ်ရက်မှာ ရေနံစည်ပေါင်း ၃.၆၆ သန်း လျှော့ချမှုကို ၂၀၂၅ ခုနှစ်ကုန်အထိ ဆက်လက်လုပ်ဆောင်မယ်ဆိုတာ ဖြစ်ပါတယ်။

ဆော်ဒီအာရေးဗီးယားနဲ့ အီရတ်တို့အပါအဝင် အဖွဲ့ဝင် ၈ နိုင်ငံက စက်တင်ဘာလကုန်အထိ မိမိတို့သဘောဆန္ဒအရ တစ်ရက်မှာ စည်ပေါင်း ၂.၂ သန်း ဖြတ်တောက်မှုကို ၃ လ သက်တမ်းတိုးမှာဖြစ်ပါတယ်။

ရေနံစိမ်းဈေးကွက် အနေအထားကို စောင့်ကြည့်ရင်း အောက်တိုဘာလကစပြီး ဖြတ်တောက်မှုတွေကို ဖြည်းဖြည်းချင်းရပ်ဆိုင်းသွားမယ်လို့ အဲဒီနိုင်ငံတွေကဆိုပါတယ်။

အစ္စရေးနဲ့ အီရန်တို့အကြား တင်းမာမှုတွေမြင့်တက်လာတဲ့အတွက် အရှေ့အလယ်ပိုင်းမှာ အခြေအနေ ပိုမိုတင်းမာလာမှာကို စိုးရိမ်လို့ ဧပြီလမှာ ကြိုတင်ရောင်းရေနံစိမ်းဈေး မြင့်တက်လာခဲ့ပါတယ်။ အဲဒီရေနံစိမ်းဈေးဟာ လက်ရှိမှာ ဒီထက်ပိုပြီး ကျဆင်းနေပါတယ်။

တရုတ်စီးပွားရေးအလားအလာတွေနဲ့ တခြားအချက်တွေအပေါ်မသေချာ မရေရာမှုတွေ တိုးပွားလာနေတဲ့အတွက် ထုတ်လုပ်မှုကိုလျှော့ချပြီး ရေနံစျေးနှုန်းကို မြှင့်တင်ဖို့ OPEC Plus က ကြိုးပမ်းနေပုံရပါတယ်။