ဂျပန်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ ရာသီဥတု မတည်ငြိမ်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေး

ဂျပန်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ လေထုအခြေအနေ အလွန်အမင်း မတည်ငြိမ်မှုကြောင့် မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်းနဲ့ ဒေသအလိုက် မိုးသန်းထန်ခြင်းတွေ ဖြစ်ပေါ်နိုင်ပြီး ပြည်သူတွေ သတိရှိကြဖို့ ဂျပန်မိုးလေဝသအေဂျင်စီရဲ့ တာဝန်ရှိသူတွေက အကြံပြုထားပါတယ်။

ဂျပန်ရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေရဲ့ မိုးကောင်းကင်အထက်က အလွန်မြင့်တဲ့နေရာမှာ လေအေးတွေစီးဝင်လာနေတဲ့အပြင် ဂျပန်ပင်လယ်ပြင်အထက်မှာ အရှေ့ဘက်ကို ရွေ့လျားနေတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုဆီ စိုထိုင်းတဲ့ လေထုကြီး စီးဝင်တိုက်ခတ်နေတာကြောင့် အခုလို မတည်ငြိမ်တဲ့ ရာသီဥတုအခြေအနေကို ဖြစ်ပေါ်ခဲ့ကြောင်း အေဂျင်စီက ဆိုပါတယ်။

ဒါဟာ Tokai နဲ့ Hokuriku ဒေသတွေမှာ မိုးတိမ်တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

အဲဒီမတည်မငြိမ်အခြေအနေတွေဟာ ဂျပန်အရှေ့ပိုင်းနဲ့ မြောက်ပိုင်း‌တွေမှာ တနင်္လာနေ့အထိ ဆက်ဖြစ်နေမယ်လို့ ခန့်မှန်းရပါတယ်။

မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းအပြင် ရုတ်တရက်လေပြင်းတိုက်ခြင်း၊ နေရာကွက်ကြား မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ မိုးသီးကြွေခြင်းတွေကို သတိပြုကြဖို့ မိုးလေဝသတာဝန်ရှိသူတွေက အကြံပြုထားပါတယ်။

ရုတ်တရက် မိုးကောင်းကင်မဲမှောင်လာပြီး လေအေးတွေ တိုက်လာပြီးနောက် မိုးတိမ်တောင်တွေ ချဉ်းကပ်လာနေတဲ့ အရိပ်အယောင်ကို တွေ့ရရင် ဘေးကင်းလုံခြုံဖို့အတွက် ခိုင်ခံ့တဲ့ အဆောက်အအုံတွေအထဲ ခိုလှုံကြဖို့လည်း မိုးလေဝသအေဂျင်စီက အကြံပြုထားပါတယ်။