ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယား ကာကွယ်ရေးအကြီးအကဲတွေ လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ကာကွယ်ရေးအကြီးအကဲတွေဟာ ဒေသတွင်း
တူညီတဲ့ လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေနဲ့ အဲဒါအတွက် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အကောင်အထည်ဖော်ရေး အစီအမံတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီး Kihara Minoru၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး Shin Won-sik တို့ဟာ စင်ကာပူမှာ တနင်္ဂနွေနေ့က တစ်နာရီလောက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီးမှာ ခေါင်းဆောင်သုံးဦးက ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ မေလ ၂၇ ရက်က စစ်ဘက်ဆိုင်ရာဂြိုဟ်တုလွှတ်တင်ဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ ထုတ်ဖော်ခဲ့ကြပြီး နောက်ထပ် မတည်မငြိမ်ဖြစ်စေတဲ့ လှုပ်ရှားမှုအားလုံးကို အမြန်ဆုံးရပ်တန့်ဖို့ မြောက်ကိုရီးယားအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

ကာကွယ်ရေးဆိုင်ရာအကြီးအကဲတွေဟာ မြေပြင်၊ ရေကြောင်းနဲ့ လေတပ်တွေ အပါအဝင် နယ်ပယ်အမျိုးမျိုးမှာ သုံးနိုင်ငံစစ်ရေးလေ့ကျင့်မှုအသစ်တွေ အခုနွေရာသီမှာပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒေသတွင်း လုံခြုံရေးဆိုင်ရာကိစ္စတွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ဆွေးနွေးဖို့ သုံးနိုင်ငံပုံဖော်လေ့ကျင့်မှုကိုလည်း ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေဖို့ သတင်းအချက်အလက်မျှဝေတာနဲ့ သုံးနိုင်ငံလေ့ကျင့်မှုတွေ အပါအဝင် သုံးနိုင်ငံလုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ဖွဲ့စည်းဖို့ သူတို့တတွေ သဘောတူညီခဲ့ကြပါတယ်။

“အင်ဒို-ပစိဖိတ်ဒေသရေပြင်မှာ လက်ရှိအနေအထားကိုပြောင်းလဲဖို့ တစ်ဖက်သတ်ကြိုးပမ်းမှုမှန်သမျှကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်” လို့ အဲဒီအရာရှိ ၃ ဦးက ထပ်မံအတည်ပြုခဲ့ပါတယ်။ ဒါဟာ တရုတ်ရဲ့ ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုတွေကို ရည်ညွှန်းတာလို့ ယူဆရပါတယ်။

ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရဲ့ အရေးကြီးမှုကို သူတို့ သဘောတူခဲ့ကြပြီး ရေလက်ကြားနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းရေး တောင်းဆိုခဲ့ကြပါတယ်။