Chang'e-6 အာကာသယာဉ်ဟာ လကမ္ဘာရဲ့အစွန်အဖျားဘက်မှာ ဆင်းသက်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာ သတင်းထုတ်ပြန်

တရုတ်ရဲ့ မောင်းသူမဲ့ လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်ဟာ တနင်္ဂနွေနေ့ မနက်က လကမ္ဘာရဲ့ ကျောဘက်အခြမ်းမှာ ဆင်းသက်ခဲ့ကြောင်း တရုတ်အစိုးရပိုင်မီဒီယာက သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့လ အစောပိုင်းက လွှတ်တင်ခဲ့တဲ့ Chang'e-6 လေ့လာရေးယာဉ်ဟာ တရုတ်စံတော်ချိန် မနက် ၆ နာရီမှာ စတင်ဆင်းသက်ခဲ့ပြီး ၁၅ မိနစ်လောက်အကြာမှာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ တရုတ်ဗဟိုရုပ်မြင်သံကြားဌာန က ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်အာကာသရေးရာ အာဏာပိုင်တွေဟာ Chang'e-6 ဆင်းသက်ချိန်မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဆင်းသက်တဲ့နေရာဟာ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းအနီးမှာ ဖြစ်ပါတယ်။ သောက်သုံးရေနဲ့ လောင်စာအဖြစ် ပြောင်းလဲနိုင်တဲ့ ရေခဲတွေ လရဲ့ အစွန်အဖျားမှာ ရှိနေနိုင်ကြောင်း သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။

Chang'e-6 ဟာ လက်ဆင့်ကမ်းဆက်သွယ်မှု ဂြိုလ်တုကတဆင့် ကမ္ဘာမြေနဲ့ ဆက်သွယ်မှုတွေ ဆက်ရှိနေပါတယ်။ အဲဲဒီစူးစမ်းလေ့လာရေးယာဉ်ဟာ တနင်္ဂနွေနေ့ကနေ နှစ်ရက်တာအတွင်း မြေဆီလွှာနဲ့ ကျောက်နမူနာတွေကို စုဆောင်းရယူဖို့ ရည်ရွယ်ထားကြောင်း တရုတ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အဲဒီနမူနာတွေဟာ လကမ္ဘာရဲ့ အစွန်အဖျားကနေ ကမ္ဘာမြေဆီ ပထမဆုံး ပြန်သယ်လာမယ့် နမူနာတွေဖြစ်ပါတယ်။

အဲဒီအာကာသစူးစမ်း‌မှုခရီးစဉ်ဟာ အာကာသယာဉ်မှူးတွေ နေနိုင်မယ့် လကမ္ဘာအခြေစိုက်စခန်းတစ်ခု တည်ဆောက်နိုင်ရေး နည်းလမ်းရှာ‌‌ဖွေဖို့အတွက် ရည်ရွယ်ထားပါတယ်။

အမေရိကန်နဲ့ အိန္ဒိယတို့ကလည်း လရဲ့တောင်ဝင်ရိုးစွန်းအနီးက ဧရိယာတွေကို စူးစမ်းလေ့လာနေကြပါတယ်။

တရုတ်ဟာ မြေသားနဲ့ ကျောက်နမူနာတွေ ပြန်သယ်ယူတဲ့ အာကာသခရီးစဉ်ကတစ်ဆင့် လကမ္ဘာစူးစမ်းရှာဖွေရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်မှာ သူ့ရဲ့ အနေအထားကို မြှင့်တင်နိုင်ဖို့ မျှော်လင့်ထားပုံရကြောင်း လေ့လာသူတွေက ဆိုပါတယ်။