ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီး သတိပေးပြောဆို

ထိုင်ဝမ်ကို တရုတ်နိုင်ငံကနေ ခွဲထွက်စေဖို့ ကြိုးပမ်းသူတိုင်းဟာ မိမိကိုယ်ကိုယ် ဖျက်ဆီးရာ ရောက်မယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun က သတိပေးလိုက်ပြီး ဒါဟာ အမေရိကန်ကို ရည်ညွှန်းပြောဆိုခဲ့ပုံရပါတယ်။

တနင်္ဂနွေနေ့က စင်ကာပူမှာ ပြုလုပ်တဲ့ Shangri-La Dialogue ခေါ် အာရှလုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ မစ္စတာ Dong က သူ့ရဲ့ မိန့်ခွန်းထဲမှာ အဲဒီလို မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာကြီးဟာ အခုအခါ လမ်းဆုံလမ်းခွတစ်ခုကို ရောက်နေတယ်လို့ သူက ဆိုပါတယ်။ တရုတ်နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးကို ရည်ညွှန်းပြောဆိုရာမှာ သူက ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့အတွက် နည်းလမ်းတွေ ရှာဖွေဖို့ အရေးကြီးတယ်လို့ အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ လက Democratic Progressive Party (DPP) ရဲ့ သမ္မတ Lai Chin-te တာဝန်စတင်ထမ်းဆောင်ပြီးနောက် တရုတ်စစ်တပ်ဟာ ထိုင်ဝမ်တစ်ဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ထိုင်ဝမ်အရေးဟာ တရုတ်အတွက် အလွန်အမင်း အရေးပါတဲ့ ကိစ္စဖြစ်ပြီး လက်ရှိပြဿနာကတော့ DPP အာဏာပိုင်တွေက ထိုင်ဝမ်လွတ်လပ်ရေးအတွက် တိုးမြှင့်ဆောင်ရွက်နေတာပဲ ဖြစ်တယ်လို့ မစ္စတာ Dong က ပြောပါတယ်။

ထိုင်ဝမ်ဟာ လုံးဝ တရုတ်ရဲ့ ပြည်တွင်းရေးဖြစ်ပြီး ပြင်ပအင်အားစုတွေအနေနဲ့ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိဘူးလို့ သူက ဆိုပါတယ်။

မစ္စတာ Dong ဟာ အဲဒီအစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာ ဖြစ်ပြီး သူ့နိုင်ငံရဲ့ ရပ်တည်ချက်ကို အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်တစ်ဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တာနဲ့ ဆိုင်တဲ့ တရုတ်ရဲ့ ရပ်တည်ချက်ကို အစည်းအဝေးတက်ရောက်သူတချို့က ဝေဖန်ခဲ့ပါတယ်။

စနေနေ့က အဲဒီအစည်းအဝေးမှာ ဂျပန်ကာကွယ်ရေးဝန်ကြီး Kihara Minoru က ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရဲ့ အရေးပါမှုကို အလေးပေးပြောဆိုခဲ့ပါတယ်။ ဒါဟာ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ရဲ့ ရေကြောင်းလှုပ်ရှားမှုတွေ တိုးများလာနေတာကို ရည်ညွှန်းပြောဆိုခဲ့ပုံရပါတယ်။