အိန္ဒိယရွေးကောက်ပွဲမှာ မဲပေးမှု ပြီးဆုံး၊ ၀န်ကြီးချုပ် Modi ရဲ့ ညွန့်ပေါင်းအဖွဲ့ အမတ်နေရာအများစု အနိုင်ရမယ်လို့ ခန့်မှန်းထား

အိန္ဒိယနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲပေးမှုအားလုံး စနေနေ့က ပြီးဆုံးခဲ့ပါတယ်။ အိန္ဒိယ၀န်ကြီးချုပ် Narendra Modi ရဲ့ မဟာမိတ်အင်အားစုဟာ အာဏာဆက်ထိန်းထားနိုင်ဖို့ လိုအပ်တဲ့ ပါလီမန်အမတ်နေရာအများစုကို အနိုင်ရဖို့ အလားအလာများပုံရကြောင်း ဖော်ပြနေတဲ့ မဲရုံထွက်ပေါက်စစ်တမ်းရလဒ်တွေကို ပြည်တွင်းမီဒီယာတွေက ထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယမှာ မဲပေးပိုင်ခွင့်ရှိသူ ၁ ဘီလီယံနီးပါး ရှိပြီး ဒါဟာ ကမ္ဘာပေါ်မှာ အများဆုံး ဖြစ်ပါတယ်။ အဆင့်ခုနစ်ဆင့်ရှိတဲ့ အိန္ဒိယရွေးကောက်ပွဲရဲ့ နောက်ဆုံးအကျော့ဟာ စနေနေ့က ပြီးဆုံးခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲကို မဲဆန္ဒနယ်မြေ ၅၄၃ ခုမှာ ကျင်းပခဲ့ပါတယ်။

မစ္စတာ Modi ဟာ အာဏာရ Bharatiya Janata Party (BJP) ကို ​​ဦးဆောင်နေသူဖြစ်ပြီး တတိယအကြိမ် ၀န်ကြီးချုပ်ရာထူးသက်တမ်း ရယူဖို့ ကြိုးပမ်းနေပါတယ်။ အဲဒီပါတီဟာ အရင်က ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများစုကို အနိုင်ရခဲ့ပြီး အာဏာရညွန့်ပေါင်းအဖွဲ့ဟာ အမတ်နေရာအားလုံးရဲ့ သုံးပုံနှစ်ပုံနီးပါး ရရှိထားပါတယ်။

မီဒီယာတွေရဲ့ မဲရုံထွက်ပေါက် စစ်တမ်းတွေအရ အဲဒီအရှိန်အဟုန်ဟာ အခုတစ်ကြိမ်မှာလည်း ဆက်ရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။

အတိုက်အခံပါတီတွေကတော့ ဒီမဲရုံထွက်ပေါက်စစ်တမ်းရလဒ်တွေဟာ တကယ့်ဆန္ဒမဲအခြေအနေတွေကို မှန်မှန်ကန်ကန် ထင်ဟပ်နေခြင်းမရှိဘူးလို့ ပြစ်တင်ဝေဖန်နေကြပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလအတွင်း အာဏာရညွန့်ပေါင်းအဖွဲ့ဟာ ပြည်သူ့ထောက်ခံမှု ပိုရဖို့အတွက် မစ္စတာ Modi ရဲ့ လူကြိုက်များမှုကို သုံးပြီး အာရုံစိုက်မဲဆွယ်ခဲ့ပါတယ်။ သူ့ရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုက နိုင်ငံ့စီးပွားရေးကို တိုးတက်စေခဲ့တယ်လို့ အလေးပေး ပြောဆိုခဲ့ပါတယ်။

အတိုက်အခံတွေကတော့ လူငယ်တွေ အလုပ်လက်မဲ့ဖြစ်မှုနဲ့ စီးပွားရေးကွာဟမှုတို့ဟာ မစ္စတာ Modi ရဲ့ အစိုးရလက်ထက်မှာ ဆိုးဝါးလာခဲ့တယ်လို့ ဆိုပြီး မစ္စတာ Modi ကို ဝေဖန်တဲ့ မဲဆန္ဒရှင်တွေကို စည်းရုံးနိုင်ဖို့ ရည်ရွယ်ကြိုးပမ်းခဲ့ပါတယ်။

မဲရေတွက်မှုတွေကို အင်္ဂါနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်မှာဖြစ်ပါတယ်။