တောင်တရုတ်ပင်လယ်ရဲ့ ရေကြောင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး ကမ်းခြေစောင့်တပ်အရာရှိတွေ ဆွေးနွေး

တောင်တရုတ်ပင်လယ်ထဲ တရုတ်ရဲ့ အတင်းအဓမ္မ လုပ်ဆောင်မှုတွေ တိုးများလာနေတဲ့အကြား ရေကြောင်းလုံခြုံရေးအတွက် ဆောင်ရွက်ရေး နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ကမ်းခြေစောင့်တပ်အရာရှိတွေက ဆွေးနွေးခဲ့ပါတယ်။

စနေနေ့က စင်္ကာပူမှာ ကျင်းပတဲ့ Shangri-La Dialogue မှာ အရှေ့တောင်အာရှ၊ အမေရိကန်နဲ့ ဂျပန်က ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ပါတယ်။

မကြာသေးခင်က တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင်သင်္ဘောတွေကို ရေအမြောက်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဖိလစ်ပိုင်ဝန်ထမ်းတွေ ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်မှူး Ronnie Gil Gavan က ပြောဆိုခဲ့ပါတယ်။

ရေအမြောက်တွေဟာ "မီးဘေးကနေ လူ့အသက်ကယ်တင်ဖို့နဲ့ ပစ္စည်းဥစ္စာတွေ ကာကွယ်ဖို့ ဒါမှမဟုတ် မီးငြှိမ်းသတ်ဖို့အတွက်" ဖြစ်ပြီး "တိုက်ခိုက်ဖို့အတွက်" မဟုတ်ဘူးလို့ သူက ပြောပါတယ်။

အမေရိကန်ကမ်းခြေစောင့်တပ်မှူး Linda Fagan က ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်နဲ့ တခြားအဖွဲ့အစည်းတွေအတွက် အထောက်အပံ့ တိုးမြှင့်ပေးရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အလေးပေးပြောကြားခဲ့ပါတယ်။

အမေရိကန်ဟာ သူ့ရဲ့ မိတ်ဖက်တွေကို "သူတို့ကိုယ်တိုင်ရဲ့ ရေပိုင်နက်ထဲမှာ အချုပ်အခြာအာဏာ ကျင့်သုံးနိုင်ဖို့ ကိုယ်ပိုင်စွမ်းရည်" ကို တည်ဆောက်ရာမှာ ကူညီပေးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အစည်းအဝေးမှာ ပထမဆုံးအကြိမ် ပါဝင်ခဲ့တဲ့ ဂျပန်ကမ်းခြေစောင့်တပ်ရဲ့ ဒုတပ်မှူး Seguchi Yoshio က "ကမ်းခြေစောင့်တပ်ရဲ့ သင်္ဘောတွေကို လက်ရှိအနေအထားကို ပြောင်းလဲဖို့အတွက် ကိရိယာတွေအဖြစ် အသုံးမပြုရဘူး" လို့ ဆိုပါတယ်။