အင်ဒိုပစိဖိတ်ဒေသမှာ ဂျပန်က ဦးဆောင်မှုအခန်းကဏ္ဍကနေ ပါဝင်မယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ပြော

ဂျပန်ဟာ အင်ဒို-ပစိဖိတ်ဒေသမှာ "တရားဥပဒေစိုးမိုးရေးအပေါ်အခြေခံတဲ့ လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံတကာတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့နဲ့ မြှင့်တင်ဖို့အတွက် ကြိုးပမ်းအားထုတ်မှုတွေကို ဦးဆောင်ဖို့ ဆုံးဖြတ်ထားတယ်" လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး Kihara Minoru က အာရှလုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

စနေနေ့က စင်္ကာပူမှာ ကျင်းပတဲ့ Shangri-La Dialogue ခေါ် အဲဒီအာရှလုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ မစ္စတာ Kihara က မိန့်ခွန်းပြောကြားခဲ့ပါတယ်။

"အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်ထဲမှာ လက်ရှိအနေအထားကို အင်အားသုံးပြီး အတင်းအဓမ္မ ပြောင်းလဲဖို့ တစ်ဖက်သတ် လုပ်ဆောင်နေတာတွေနဲ့ အဲဒီလို လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာတွေကို" နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြင်တွေ့နေရတယ်လို့ သူက ပြောပါတယ်။

မစ္စတာ Kihara ဟာ အဲဒီဧရိယာတွေမှာ တရုတ်က ရေကြောင်းလှုပ်ရှားမှုတွေ တိုးမြှင့်ဆောင်ရွက်နေတာကို ရည်ညွှန်းပြောဆိုခဲ့ပုံရပါတယ်။

"ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကလည်း အရေးကြီးတယ်" လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အင်ဒို-ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်းဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ ဘုံအကျိုးစီးပွားနဲ့ သက်ဆိုင်ကြောင်း မစ္စတာ Kihara က ဆိုပါတယ်။

ဂျပန်အနေနဲ့ "အဲဒီဘုံရည်မှန်းချက် ရှိတဲ့ နိုင်ငံတွေ" နဲ့အတူ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မစ္စတာ Kihara က တန်ပြန်တိုက်ခိုက်မှုစွမ်းရည်တွေ ရရှိဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့ရာ "ဂျပန်ရဲ့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ဆောင်ရွက်မှုနဲ့ ဂျပန်နဲ့ မဟာမိတ်နိုင်ငံတွေ၊ သဘောထားချင်း တူတဲ့ နိုင်ငံတွေ၊ မိတ်ဖက်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်း တင်းမာမှုတွေကို ပိုမိုဆိုးဝါးစေဖို့ ရည်ရွယ်တာ မဟုတ်ဘူး" လို့ ရှင်းပြခဲ့ပါတယ်။

"လိုလားအပ်တဲ့ လုံခြုံရေးအနေအထားတစ်ခုဖြစ်အောင် ဖန်တီးဖို့အတွက် ဂျပန်အနေနဲ့ လက်ရှိအနေအထားကို အင်အားနဲ့ ပြောင်းလဲဖို့ တစ်ဖက်သတ်လုပ်ဆောင်တာတွေကို ဟန့်တားဖို့ ကြိုးစားမှာ ဖြစ်တယ်" လို့ သူက ပြောပါတယ်။