အကြီးတန်းကာကွယ်ရေးအရာရှိတွေရဲ့ ဆွေးနွေးဖလှယ်မှု ပြန်လည်စတင်ဖို့ ဂျပန်နဲ့ တောင်ကိုရီးယား သဘောတူ

ဂျပန်ကာကွယ်ရေးဝန်ကြီး Kihara Minoru နဲ့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး Shin Won-sik တို့ဟာ အကြီးတန်းလုံခြုံရေးအရာရှိတွေရဲ့ ဆွေးနွေးဖလှယ်မှုတွေကို ၆ နှစ်ကြာ ရပ်ဆိုင်းထားပြီးနောက် အခုအခါ ပြန်လည်စတင်ဖို့ သဘောတူခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က ရေဒါမတော်တဆမှု ဖြစ်ပွားပြီးနောက် အပြန်အလှန် ဆွေးနွေးဖလှယ်မှုတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။

မစ္စတာ Kihara နဲ့ မစ္စတာ Shin ဟာ စင်္ကာပူမှာ ပြုလုပ်တဲ့ Shangri-La လုံခြုံရေးဆိုင်ရာ ညီလာခံရဲ့ ဘေးစည်းအနေနဲ့ စနေနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နှစ်နိုင်ငံရဲ့ ခေါင်းဆောင်မှုနဲ့ အပြန်အလှန်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာတဲ့အတွက် အနာဂတ်အတွက် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုကြောင်း မစ္စတာ Kihara က ပြောကြားခဲ့ပါတယ်။

ရေဒါမတော်တဆမှု ထပ်မဖြစ်အောင် ကာကွယ်ဖို့အတွက် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF) နဲ့ တောင်ကိုရီးယားရေတပ်တို့က ရေးဆွဲထားတဲ့ ဘေးကင်းရေးစီမံချက်တွေထဲက အကြောင်းအရာတွေကို သူတို့နှစ်ဦး အတည်ပြုခဲ့တယ်လို့ သူက ပြောပါတယ်။

၂၀၁၈ ခုနှစ်က အဲဒီမတော်တဆမှုဖြစ်ခဲ့ချိန်က ဂျပန်ပင်လယ်ပေါ်မှာ တောင်ကိုရီးယားရေတပ်ရဲ့ ဖျက်သင်္ဘောဟာ SDF ရဲ့ ကင်းထောက်လေယာဉ်ကို ပစ်ခတ်မှုသုံးရေဒါနဲ့ ချိန်ရွယ်ခဲ့တယ်လို့ ဂျပန်က ပြောပါတယ်။ အဲဒီစွပ်စွဲချက်ကို တောင်ကိုရီးယားက ငြင်းဆိုခဲ့ပါတယ်။

စနေနေ့က ဝန်ကြီးတွေဟာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် မဆွေးနွေးခဲ့ကြပါဘူး။ စီမံဆောင်ရွက်ချက်တွေထဲမှာလည်း အဲဒီကိစ္စကို မဖော်ပြထားပါဘူး။ ဒါပေမဲ့ တကယ်လို့ တစ်ဖက်က တခြားတစ်ဖက်ရဲ့ ဆောင်ရွက်ချက်ဟာ အန္တရာယ်ဖြစ်စေတယ်လို့ ယူဆတာ၊ အဆက်အသွယ်လုပ်ဖို့ ကြိုးပမ်းတာတွေ ရှိခဲ့ရင် တခြားတစ်ဖက်ကနေ တုံ့ပြန်ရမယ်လို့ တိုက်တွန်းထားပါတယ်။

နှစ်နိုင်ငံစလုံးဟာ အဲဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး ကိုယ့်ရပ်တည်ချက်ကို ကိုင်စွဲထားတယ်၊ တကယ်လို့ အဲဒီလို ဖြစ်ရပ်မျိုး ပြန်ပေါ်ပေါက်ခဲ့ရင် အဖတ်ဆယ်လို့မရတဲ့ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ မစ္စတာ Kihara က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဆွေးနွေးဖလှယ်မှုတွေ ပြန်လည်စတင်ခြင်းဟာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နှစ်နိုင်ငံနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးကို လေးနက်စေရာမှာ အထောက်အကူပြုပြီး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ ကိုင်တွယ်ဖြေရှင်းရေး မြှင့်တင်ဆောင်ရွက်ရာ ရောက်တယ်လို့ သူက ဆိုပါတယ်။

ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို ပြောကြားရာမှာ မစ္စတာ Shin က ကြိုတင်ကာကွယ်ရေးအစီအမံတွေနဲ့ ပတ်သက်ပြီး အသေးစိတ် ပြောကြားခြင်း မရှိပေမဲ့ တောင်ကိုရီးယားရေတပ်သင်္ဘောတွေရဲ့ ဘေးကင်းရေးကို အာမခံဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စတာ Shin က ဂျပန်နဲ့အကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနဲ့ အမေရိကန်ပါဝင်တဲ့ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို လေးနက်လာစေဖို့ မျှော်လင့်တယ်လို့ ဆိုပြီး ဒါဟာ တောင်ကိုရီးယားနဲ့ ဂျပန်အကြား အပြန်အလှန် ယုံကြည်မှုကို ပြန်လည်ပေါ်ထွန်းလာစေပြီး မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို ဟန့်တားရာမှာ အထောက်အကူပြုမှာ ဖြစ်တယ်လို့ ပြောပါတယ်။