တွေ့ဆုံဆွေးနွေးမှု မြှင့်တင်ဖို့ ဂျပန်နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီးတွေ သဘောတူ

ဂျပန် ကာကွယ်ရေးဝန်ကြီး Kihara Minoru ဟာ စင်္ကာပူမှာ စနေနေ့က တရုတ် ကာကွယ်ရေးဝန်ကြီး Dong Jun နဲ့ ပထမဆုံး အစည်းအဝေးမှာ အရှေ့တရုတ်ပင်လယ်ထဲက တရုတ်နိုင်ငံရဲ့ ရေကြောင်းလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဂျပန်အစိုးရရဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ထူထောင်ခဲ့တဲ့ နှစ်ဖက်ကာကွယ်ရေးတာဝန်ရှိသူတွေအကြား အရေးပေါ်ဆက်သွယ်ရေးလိုင်းကို ထိန်းသိမ်းထားဖို့နဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ကူးလူးဆက်ဆံမှုတွေ မြှင့်တင်ဖို့လည်း သူတို့နှစ်ဦးက သဘောတူခဲ့ကြပါတယ်။

မစ္စတာ Kihara က နှစ်နိုင်ငံကြား တစ်နှစ်တာအတွင်း ပထမဆုံးဖြစ်တဲ့ ဒီကာကွယ်ရေးဝန်ကြီးအဆင့် အစည်းအဝေးရဲ့အစမှာ နှစ်ဘက်အကြားမှာ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုအများအပြား ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ အိုကီနာဝါ ခရိုင် Senkaku ကျွန်းစုအနားက ဧရိယာတွေအပါအဝင် အရှေ့တရုတ်ပင်လယ်ထဲက ဂျပန်ပိုင်နက်နယ်မြေအနားမှာ အရှိန်မြှင့်လာနေတဲ့ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို သူက ထောက်ပြခဲ့ပါတယ်။

ဂျပန်က Senkaku ကျွန်းစုတွေကို ထိန်းချုပ်ထားပြီး တရုတ်နဲ့ ထိုင်ဝမ်တို့က သူတို့ပိုင်ဆိုင်တယ်လို့ ဆိုနေပါတယ်။ ဒီကျွန်းတွေရဲ့ အချုပ်အခြာအာဏာဆိုင်ရာ ကိစ္စရပ်မှာ ဘာပြဿနာမှမရှိဘူးဆိုတဲ့ ရပ်တည်ချက်ကို ဂျပန်အစိုးရက စွဲကိုင်ထားပါတယ်။

သက်ဆိုင်ရာ ကာကွယ်ရေး အာဏာပိုင်တွေအကြား ဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ အရေးကြီးတယ်လို့ မစ္စတာ Kihara က အလေးပေး ပြောကြားခဲ့ပါတယ်။

မစ္စတာ Kihara က တောင်တရုတ်ပင်လယ်ရဲ့ အခြေအနေတွေအပေါ် စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါဟာ တရုတ်နဲ့ ဖိလစ်ပိုင်တို့အကြားက နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတာတွေကို ရည်ရွယ်တာလို့ ယူဆရပါတယ်။ သူက ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အရေးကြီးပုံကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။

မစ္စတာ Dong က နှစ်နိုင်ငံ ကာကွယ်ရေးတာဝန်ရှိသူတွေအနေနဲ့ တစ်ဖက်သားကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မရှုမြင်တဲ့ မူဝါဒနဲ့ လုပ်ဆောင်မှုတွေကို အကောင်အထည်ဖော်ဖို့ အစွမ်းကုန် ကြိုးပမ်းရမှာဖြစ်ကြောင်းနဲ့ မစ္စတာ Kihara နဲ့ ဆက်လက် ဆက်သွယ်သွားလိုကြောင်း ပြောကြားခဲ့ပါတယ်။