တောင်တရုတ်ပင်လယ်မှာ နားလည်မှုလွဲမှားတာတွေကို ရှောင်ရှားရေးအတွက် ဆွေးနွေးကြဖို့ အမေရိကန်ပြည်ထောင်စု တိုက်တွန်း

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ တရုတ်ကို တိုက်ရိုက် အမည်မဖော်ဘဲနဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ဖိလစ်ပိုင် သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်တွေကို ရှုတ်ချခဲ့ပါတယ်။ မတော်တဆ ထိပ်တိုက်တွေ့မှုတွေကို ရှောင်ရှားရေးအတွက် ဆက်လက်ဆွေးနွေးဖို့ အရေးကြီးတယ်လို့လည်း သူက အလေးအနက် ပြောကြားခဲ့ပါတယ်။

မစ္စတာ Austin ဟာ စင်္ကာပူမှာ ကျင်းပတဲ့ အာရှလုံခြုံရေးဖိုရမ်အစည်းအဝေး Shangri-La Dialogue မှာ စကားပြောခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ အာရှနဲ့ အနောက်နိုင်ငံတွေက ကာကွယ်ရေး အရာရှိတွေ တက်ရောက်နေကြပါတယ်။

မကြာသေးခင်က တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတွေဟာ Second Thomas Shoal အနီးက ဖိလစ်ပိုင်ရေယာဉ်တွေရဲ့ သွားလာမှုတွေကို ရေအမြောက်တွေ သုံးစွဲတာလို လုပ်ဆောင်ပြီး အကြိမ်ကြိမ် နှောက်ယှက်တားဆီးခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက အဲဒီဧရိယာကို လက်တွေ့အားဖြင့်ထိန်းချုပ်ထားပေမဲ့ တရုတ်က သူပိုင်တယ်လို့ ဆိုနေပါတယ်။

မစ္စတာ Austin က "ဖိလစ်ပိုင်နိုင်ငံ ကြုံတွေ့နေရတဲ့ ထိပါးနှောင့်ယှက်ခံရမှုမှာ အန္တရာယ်ကြီးတယ်" လို့ ပြောပါတယ်။

ထိုင်ဝမ်ရေလက်ကြားကနေ တောင်တရုတ်ပင်လယ်အထိ ပြဿနာတွေကို ဖြေရှင်းရေးအတွက် တူညီတဲ့စံချိန်စံညွှန်းတွေရှိတဲ့ ဂျပန်အပါအဝင် နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန်ပြည်ထောင်စုက မြှင့်တင်သွားမှာဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။ မစ္စတာ Austin က သောကြာနေ့မှာ တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun နဲ့ တွေ့ဆုံခဲ့တာကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလနောက်ပိုင်းမှာ ပထမဆုံး လူချင်းတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မစ္စတာ Austin က "စစ်တပ်အချင်းချင်းရဲ့ အကြီးတန်းခေါင်းဆောင်တွေကြား တိုက်ရိုက်ဆွေးနွေးမှုကို အစားထိုးနိုင်တာ မရှိဘူး" လို့ ပြောပါတယ်။ "နားလည်မှုလွဲတာ၊ တွက်ချက်မှုလွဲတာတွေ" ရှောင်ရှားရေးအတွက် ပွင့်လင်းတဲ့ဆက်သွယ်ရေးမ်းကြောင်းတွေရဲ့နေရာကို အစားထိုးနိုင်တာမျိုး မရှိဘူးလို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။