ဂါဇာ အပစ်အခတ်ရပ်စဲရေး အစ္စရေးရဲ့ အဆိုပြုချက်ကို အမေရိကန်သမ္မတ ထုတ်ဖော်ခဲ့ပြီး ဟားမတ်စ် က အပြုသဘောနဲ့ တုံ့ပြန်

ဂါဇာကမ်းမြောင်ဒေသက အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်နဲ့ အကြားက ပဋိပက္ခမှာ အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးရဲ့ အဆိုပြုချက်အသစ်ကို အမေရိကန်သမ္မတ Joe Biden က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဟားမတ်စ် ဘက်ကလည်း အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို ပြသခဲ့ပါတယ်။

မစ္စတာ Biden က အဆင့် ၃ ‌ဆင့်ပါတဲ့ အဲဒီအစီအစဥ်ကို အိမ်ဖြူတော်မှာ သောကြာနေ့က ထုတ်ဖော် ပြောကြားခဲ့ပြီး “ဒီစစ်ပွဲ ပြီးဆုံးဖို့ အချိန်တန်ပြီ” လို့လည်း ဆိုခဲ့ပါတယ်။

ပထမအဆင့်ဟာ သီတင်းပတ်တွေနဲ့ချီပြီး ကြာမြင့်မယ်လို့ မစ္စတာ Biden က ပြောခဲ့ပါတယ်။ အဲဒီအဆင့်မှာ အပြည့်အ၀ အပစ်အခတ်ရပ်စဲရေး၊ ဂါဇာကမ်းမြောင်ဒေသက လူနေထူထပ်တဲ့နေရာအားလုံးကနေ အစ္စရေးတပ်ဖွဲ့တွေ ဆုတ်ခွာရေး၊ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေနဲ့ ဒဏ်ရာရထားသူတွေ အပါအဝင် ဓားစာခံတွေနဲ့အလဲအလှယ်အဖြစ် ပါလက်စတိုင်း အကျဉ်းသားတွေ လွှတ်ပေးရေးတွေ ပါဝင်ပါတယ်။

ဒုတိယအဆင့်မှာ အသက်ရှင်နေသေးတဲ့ ဓားစာခံအားလုံး လွှတ်ပေးရေးနဲ့ စစ်မက်ပြုမှုတွေ အပြီးတိုင်ရပ်စဲရေးတွေ ပါဝင်မယ်လို့ မစ္စတာ Biden က ဆိုပါတယ်။

အဓိကကျတဲ့ ပြန်လည်တည်ဆောက်ရေး အစီအစဉ်တစ်ရပ်ကို တတိယအဆင့်မှာ စတင်မယ်လို့ မစ္စတာ Biden က ပြောခဲ့ပါတယ်။

အစ္စရေးရဲ့ အဆိုပြုချက်ကို ကာတာနိုင်ငံက ကြားခံဆောင်ရွက်သူတွေကတစ်ဆင့် ဟားမတ်စ်ထံ ပို့ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

“ဒီအစီအစဉ်တွေက အစ္စရေးရော ပါလက်စတိုင်းတွေအတွက်ပါ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ပေးစွမ်းမယ့် နိုင်ငံရေးအရ ဖြေရှင်းမှု စင်မြင့်တစ်ခုကို ဖော်ဆောင်ပေးတယ်" လို့လည်း မစ္စတာ Biden က ပြောခဲ့ပါတယ်။

မစ္စတာ Biden ရဲ့ မိန့်ခွန်းပါ အကြောင်းအရာတွေကို သူတို့အတည်ပြုခဲ့တယ်လို့ ဟားမတ်စ်က အဲဒီနေ့မှာပဲ ပြောခဲ့ပါတယ်။ အစ္စရေးဘက်က အဲဒီလိုသဘောတူညီမှုတွေကို ပြတ်ပြတ်သားသား ကတိပေးပြီး ဆောင်ရွက်မယ်ဆိုရင်၊ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး၊ ဂါဇာကမ်းမြောင်ဒေသကနေအစ္စရေးတပ်တွေရုပ်သိမ်းရေး၊ ပြန်လည်တည်ဆောက်ရေး၊ နေရပ်စွန့်ခွာသူတွေပြန်လည်ရောက်ရှိလာရေးနဲ့ အကျဉ်းသားလဲလှယ်မှု အပြီးသတ်လုပ်ဆောင်ရေးတွေကို အခြေခံထားတဲ့ အပြုသဘောဆောင်ပြီး အလားအလာကောင်းတဲ့ ဘယ်အဆိုပြုချက်ကိုမဆို ညှိနှိုင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ဟားမတ်စ်ဘက်က ပြောခဲ့ပါတယ်။