ငလျင်လှုပ်ပြီး ၅ လအကြာမှာ ဘေးအန္တရာယ်နဲ့ ဆက်နွှယ်တဲ့ သေဆုံးမှုတွေ တားဆီးရေးအတွက် အီရှိခါဝ ခရိုင် ကြိုးပမ်းနေ

ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ နှစ်ဆန်းတစ်ရက်နေ့ကလှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်နဲ့ ဆက်နွှယ်နေတဲ့ သေဆုံးမှုတွေနဲ့ လူမှုရေးဆိုင်ရာ အထီးကျန်မှုတွေကို ကာကွယ်ဖို့နဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို အီရှိခါဝ ခရိုင် အာဏာပိုင်တွေ ဆက်လက်ရင်ဆိုင်နေရပါတယ်။

Noto ကျွန်းဆွယ်မှာ အဲဒီငလျင်လှုပ်ခဲ့တာ စနေနေ့မှာ ၅ လပြည့်ပါတယ်။ အီရှိခါဝ ခရိုင်မှာ လူပေါင်း ၂၆၀ သေဆုံးတယ်လို့ အတည်ပြုခဲ့ပြီး တခြား ၃ ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲက လူ ၃၀ ဟာ နေအိမ်နဲ့ဝေးရာမှာ နေထိုင်နေတဲ့အတောအတွင်း စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေလို ဘေးအန္တရာယ်နဲ့ဆက်နွှယ်တဲ့အကြောင်းအရင်းတွေကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို သေဆုံးမှုအရေအတွက်တွေ ပိုပြီးမြင့်တက်လာနိုင်ခြေရှိနေပါတယ်။

ဘေးသင့်ခဲ့တဲ့ ရပ်ရွာတွေမှာ ယာယီအိမ်ရာတွေ ဆောက်လုပ်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အခုအချိန်အထိ အလုံးရေ ၄,၄၀၀ ကျော် တစ်နည်းအားဖြင့် အဲဒီခရိုင်မှာ လိုအပ်တယ်လို့ ခန့်မှန်းထားတဲ့ အရေအတွက်ရဲ့ ၇၀ ရာခိုင်နှုန်းနီးပါး တည်ဆောက်ပြီးစီးနေပြီဖြစ်ပါတယ်။

တိမ်းရှောင််နေသူတွေ ယာယီအိမ်ရာတွေဆီကို ရွှေ့ပြောင်းကြတာ ပိုပြီးတိုးလာနေတာကြောင့် အီရှိခါဝ ခရိုင်အာဏာပိုင်တွေအနေနဲ့ ဘေးအန္တရာယ်နဲ့ ဆက်နွှယ်တဲ့ သေဆုံးမှုနဲ့ အထီးကျန်မှုဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ခြေတွေကို ရင်ဆိုင်နေရပါတယ်။

ခရိုင်တာဝန်ရှိသူတွေဟာ လူထုကျန်းမာရေး သူနာပြုတွေကို ယာယီအိမ်ရာတွေဆီကို စေလွှတ်ပြီး သက်ကြီးရွယ်အိုတွေအတွက် အစားအသောက်စီမံပေးတာနဲ့ ရေချိုးပေးတာတွေ လုပ်ဆောင်တဲ့ ကြိုးပမ်းမှုတွေကို တိုးမြှင့်ဖို့စီစဉ်နေပါတယ်။ ဒါအပြင် တိမ်းရှောင်နေသူတွေ ကူးလူးဆက်ဆံဖို့ စုဝေးနိုင်တဲ့နေရာတွေ ဖန်တီးရေးကိုလည်း စီစဉ်နေပါတယ်။

တိမ်းရှောင်ရေးစင်တာတွေမှာ လူပေါင်း ၃,၀၀၀ ကျော် နေထိုင်နေကြဆဲဖြစ်ပြီး အေးအေးချမ်းချမ်း နေထိုင်နိုင်တဲ့ အိမ်ရာတွေဆီပြောင်းရွှေ့ဖို့ စောင့်ဆိုင်းနေကြပါတယ်။