Noto ကျွန်းဆွယ် ငလျင် ပြန်လည်တည်ဆောက်ရေးအတွက် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ သန်း ၃၃၀ ကတိပြု

ဂျပန်နိုင်ငံအလယ်ပိုင်း Noto ကျွန်းဆွယ်မှာ နှစ်ဆန်းတစ်ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခဲ့တဲ့နောက် ၅ လအကြာမှာ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေကို ပံ့ပိုးဖို့အတွက် အီရှိခါဝ ခရိုင်ကို အမေရိကန်ဒေါ်လာသန်းရာချီ ပေးအပ်ဖို့ ဂျပန်အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။

Wajima မြို့က လယ်သမားတွေဟာ လယ်ကွင်းတွေထဲမှာ စပါးပျိုးပင်တွေကို စိုက်ပျိုးနေကြပါတယ်။ သူတို့အနေနဲ့ ငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ ရေသွင်းရေထုတ်မြောင်း ပြုပြင်မှုတွေကို မေလလယ်မှာ ပြီးစီးအောင် လုပ်ဆောင်ခဲ့ပေမဲ့ ပြဿနာတွေ ကျန်နေသေးတယ်လို့ လယ်သမား Ura Tsuneo က ပြောပါတယ်။

မစ္စတာ Ura အနေနဲ့ ငလျင်ကြောင့် မညီမညာဖြစ်ကျန်ခဲ့တဲ့ လယ်ကွင်းတွေကို ညီအောင်ညှိရမှာဖြစ်ပြီး စပါးပျိုးပင်တွေစိုက်ရာမှာ ပုံမှန်ထက် တစ်လလောက် အချိန်ပိုကုန်မယ်လို့ မျှော်လင့်ရပါတယ်။

သောကြာနေ့က ပြုလုပ်တဲ့ အဲဒီငလျင်နဲ့ပတ်သက်တဲ့ လုပ်ငန်းအဖွဲ့အစည်းအဝေးမှာ အစိုးရက ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ အီရှိခါဝ ခရိုင်က တည်ထောင်ထားတဲ့ ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေထဲကို အမေရိကန်ဒေါ်လာ သန်း ၃၃၀ လောက် ထည့်သွင်းပေးမှာဖြစ်ပြီး ဒီငွေတွေကို ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အထူးလိုအပ်ချက်တွေအတွက် အခွန်ဝင်ငွေတွေထဲကနေ ခွဲဝေပေးမှာ ဖြစ်ပါတယ်။

ငလျင်ကြောင့် မြေကြီးအရည်ပျော်မှုဖြစ်ပြီး ထိခိုက်ပျက်စီးတာတွေ ခံစားခဲ့ရတဲ့ နိအိဂါ့တ နဲ့ တိုယာမ ခရိုင်တွေကို ငွေကြေးအကူအညီပေးဖို့လည်း တာဝန်ရှိသူတွေက သဘောတူခဲ့ကြပါတယ်။