ထိုင်ဝမ်က ကုန်ပစ္စည်း ၁၃၀ ကျော်အပေါ် အကောက်ခွန်ဆိုင်ရာ လိုက်လျောမှု တရုတ် ဆိုင်းငံ့မယ်

ထိုင်ဝမ် ကုန်ပစ္စည်း ၁၃၄ မျိုးအတွက် အကောက်ခွန်ဆိုင်ရာ လိုက်လျောမှုကို ဇွန်လ ၁၅ ရက်နေ့က စပြီး ဆိုင်းငံ့မယ်လို့ တရုတ်က ပြောလိုက်ပါတယ်။ ထိုင်ဝမ်သမ္မတ Lai Ching-te စတင်တာဝန်ယူပြီးနောက်ပိုင်း တရုတ်အစိုးရဟာ ထိုင်ဝမ်ရဲ့ စီးပွားရေးကဏ္ဍအပေါ် ဖိအားပေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေပုံရပါတယ်။

ရေလက်ကြားဖြတ်ကျော်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူညီချက်မှာ သတ်မှတ်ပြထားပြီး အခုလက်ရှိ ကျင့်သုံးနေတဲ့ ဦးစားပေးအကောက်ခွန်နှုန်းတွေကို ရပ်ဆိုင်းမှာဖြစ်ကြောင်း တရုတ်အစိုးရက သောကြာနေ့က ပြောလိုက်ပါတယ်။

ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ထုတ်ကုန်တွေအပေါ် ခွဲခြားဆက်ဆံရာရောက်တဲ့ ကန့်သတ်ချက်တွေကို တစ်ဖက်သတ် ချမှတ်ခဲ့တယ်လို့ တရုတ်အစိုးရက မှတ်ချက်ပြုခဲ့ပါတယ်။ အဲဒီကန့်သတ်ချက်တွေဟာ သဘောတူစာချုပ်ကို ချိုးဖောက်ပြီး မဖယ်ရှားရသေးကြောင်း အရိပ်အမြွပ် ပြောကြားခဲ့ပါတယ်။

လွတ်လပ်တဲ့ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်ဖြစ်တဲ့ နှစ်ဘက်အကြား အဲဒီသဘောတူညီချက်ကို ၂၀၁၀ ပြည့်နှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်ဟာ ကုန်သွယ်ရေးကို ပိုမို လွတ်လပ်စေမယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်။

အခုနောက်ဆုံးလုပ်ဆောင်မှုဟာ တရုတ်က အစောပိုင်းက ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုကို ချဲ့ထွင်တာ ဖြစ်ပါတယ်။ တရုတ်က ဇန်နဝါရီလမှာ အကောက်ခွန်ဆိုင်ရာ လိုက်လျောမှုတွေကို စတင်ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကုန်ပစ္စည်း ၁၂ မျိုးအပေါ် လိုက်လျောမှုတွေကို တရုတ်က ရပ်ဆိုင်းခဲ့ပါတယ်။

"လွတ်လပ်ရေးလိုလားတဲ့" ရပ်တည်ချက်ကို ထိန်းသိမ်းထားမှုအတွက် သမ္မတ Lai ရဲ့ အစိုးရကို တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာရုံးက ဝေဖန်ခဲ့ပါတယ်။ သမ္မတ Lai အစိုးရဟာ ရေလက်ကြားဖြတ်ကျော် ထိပ်တိုက်ရင်ဆိုင်မှုတွေကို လှုံ့ဆော်ခဲ့ပြီး ရေလက်ကြားဖြတ်ကျော်စီးပွားရေး ဆက်စပ်မှုကို လျှော့ချဖို့ ကြိုးပမ်းနေတယ်လို့ အဲဒီရုံးက မှတ်ချက်ပြုခဲ့ပါတယ်။