သမ္မတဟောင်း Trump မှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ဇူလိုင်လ ၁၁ ရက်မှာ စီရင်ချက် ချမယ်

သမ္မတဟောင်း Donald Trump ဟာ ရာဇ၀တ်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချခံရတဲ့ ပထမဆုံး အမေရိကန်သမ္မတဟောင်း ဖြစ်လာပါတယ်။ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ အဖော်အချွတ် သရုပ်ဆောင်တစ်ဦးကို နှုတ်ပိတ်ခ ပိုက်ဆံပေးမှုနဲ့ ပတ်သက်တဲ့ စွဲချက် ၃၄ စလုံးမှာ သူ့မှာ အပြစ်ရှိကြောင်း New York မြို့က ဂျူရီလူကြီးတွေက တွေ့ရှိခဲ့ပါတယ်။

မစ္စတာ Trump ဟာ ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးဖို့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုကို ဦးဆောင်ခဲ့တယ်လို့ ထောက်လှမ်းရေးအရာရှိတွေက ပြောပါတယ်။ လိင်ဆက်ဆံမှုတစ်ခုနဲ့ ပက်သက်ပြီး သရုပ်ဆောင် Stormy Daniels ကို နှုတ်ပိတ်ခ အနေနဲ့ အမေရိကန်ဒေါ်လာ ၁၃၀,၀၀၀ ပေးချေခဲ့တာကို မစ္စတာ Trump က ဖုံးကွယ်ထားခဲ့တယ်လို့ သူတို့က ဆိုပါတယ်။

သီတင်းပတ်အနည်းငယ် ကြာမြင့်တဲ့ ကြားနာစစ်ဆေးမှုတွေနဲ့ ၂ ရက်ကြာ ဆွေးနွေးမှုတွေပြီးတဲ့နောက် လူ ၁၂ ဦးပါ ဂျူရီလူကြီးအဖွဲ့က အဲဒီအရာရှိတွေရဲ့ စွဲချက်တွေကို ထောက်ခံခဲ့ပါတယ်။

မစ္စတာ Trump က သူ့မှာ အပြစ်မရှိဘူးလို့ အခိုင်အမာပြောထားပြီး တရားရုံးရဲ့ ရလဒ်ဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်တယ်လို့ ဆိုပါတယ်။ "ကျွန်တော်တို့ တစ်နိုင်ငံလုံး အခုအချိန်မှာ လိမ်လည်လှည့်ဖြားခံနေရပါတယ်။ ဒါဟာ နိုင်ငံရေးပြိုင်ဘက်တစ်ဦးကို ထိခိုက်စေဖို့ ဒါမှမဟုတ် နာကျင်စေဖို့အတွက် သမ္မတ Biden ရဲ့ အစိုးရက လုပ်ဆောင်ခဲ့တာဖြစ်တယ်" လို့ သူက ပြောပါတယ်။

မစ္စတာ Trump ဟာ စွဲချက်တစ်ခုစီအတွက် ခံဝန်ချုပ်နဲ့ လွှတ်ပေးတာကနေ ထောင်ဒဏ် ၄ နှစ် အထိ စီရင်ချက် ချခံရနိုင်ပါတယ်။ သူ့ရဲ့ အပြစ်ဒဏ်တွေ စီရင်ချက်ချမယ့်နေ့ကို Wisconsin မှာ ရီပတ်ဘလစ်ကန် အမျိုးသားညီလာခံ မစတင်မီ ရက်အနည်းငယ်လိုတဲ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ သတ်မှတ်ထားပါတယ်။ မစ္စတာ Trump ဟာ Wisconsin မှာ အမည်တင်သွင်းခံရမယ်လို့ မျှော်လင့်ရပါတယ်။

"စီရင်ချက်အမှန်ကို နိုဝင်ဘာလ ၅ ရက်နေ့မှာ ဒီလူတွေက ချမှတ်မှာပါ။ ဒီမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ သူတို့ သိပြီး ဒီမှာ ဖြစ်ခဲ့တာကို လူတိုင်းသိပါတယ်" လို့ မစ္စတာ Trump က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မစ္စတာ Trump ပြစ်ဒဏ်ချမှတ်ခံရခြင်းက သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာမျိုးကို တားမြစ်တာမျိုး မရှိပါဘူး။ သူက အဲဒီ စီရင်ချက်ကို အယူခံဝင်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ အယူခံဝင်တာဟာ လနဲ့ချီကြာနိုင်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။

အမေရိကန်သမ္မတ Joe Biden က "Donald Trump ကို သမ္မတရုံးခန်းကနေ ဝေးအောင် ထိန်းထားနိုင်တဲ့ နည်းလမ်းတစ်ခုပဲ ရှိပါတယ်၊ အဲဒါကတော့ မဲပေးမှုတွေမှာပါ" လို့ ဆိုပြီး လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။

အမေရိကန်အများပြည်သူဆိုင်ရာ ရုပ်သံဌာန PBS က လူတွေကို အဲဒီလို စီရင်ချက်ချမှုက သူတို့ရဲ့ ဆန္ဒမဲတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မယ် ဆိုတာကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ ၁၇ ရာခိုင်နှုန်းက "မစ္စတာ Trump ကို မဲပေးနိုင်ချေ ပိုနည်းတယ်" လို့ ပြောပြီး ၁၅ ရာခိုင်နှုန်းက "မဲပေးနိုင်ချေ ပိုများတယ်" လို့ ပြောပါတယ်။