ရုရှားကနေရာတချို့ကို အမေရိကန်လက်နက်တွေနဲ့ တိုက်ခိုက်ဖို့ ယူကရိန်းကို အမေရိကန်သမ္မတ ခွင့်ပြုလို့ အမေရိကန်မီဒီယာကဆို

ရုရှားနိုင်ငံတွင်းက ကန့်သတ်နယ်မြေတချို့ကို တိုက်ခိုက်ဖို့ အမေရိကန်ပြည်ထောင်စုက ထောက်ပံ့တဲ့လက်နက်တွေကို ယူကရိန်းက အသုံးပြုဖို့ သမ္မတ Joe Biden က ခွင့်ပြုထားတယ်လို့ အမေရိကန်က အဓိကမီဒီယာတွေက ဆိုပါတယ်။ ဒါဟာ အမေရိကန်ရဲ့ မူဝါဒ သိသာတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။ သမ္မတ Biden အစိုးရဟာ အမေရိကန် ထောက်ပံ့လက်နက်တွေကို ယူကရိန်းနိုင်ငံတွင်းမှာ ရုရှားတွေကို တိုက်ခိုက်ဖို့အတွက်ပဲ ယူကရိန်းအစိုးရကို ခွင့်ပြုထားခဲ့ပါတယ်။

နိုင်ငံရေးသတင်းအင်တာနက်စာမျက်နှာတစ်ခုဖြစ်တဲ့ Politico နဲ့ တခြားမီဒီယာတွေဟာ ကြာသပတေးနေ့ကထုတ်ပြန်ခဲ့တဲ့ သတင်းတွေထဲမှာ အမေရိကန်အစိုးရရဲ့ သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြခဲ့ပါတယ်။

ယူကရိန်းတပ်တွေဟာ Kharkiv မှာ တန်ပြန်ပစ်ခတ်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်လက်နက်တွေကို အသုံးပြုနိုင်တယ်ဆိုတာ သေချာစေဖို့ သူ့ရဲ့အဖွဲ့တွေကို မကြာသေးခင်က သမ္မတက ညွှန်ကြားခဲ့တယ်ဆိုတာနဲ့ အဲဒါကြောင့် ယူကရိန်းတွေဟာ ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်နေပြီ ဒါမှမဟုတ် တိုက်ခိုက်ဖို့ပြင်ဆင်နေပြီဆိုတဲ့ အရာရှိတစ်ဦးရဲ့ ပြောဆိုချက်ကို အဲဒီမီဒီယာတွေက ကိုးကားထားပါတယ်။

သမ္မတ Biden ရဲ့ ဆုံးဖြတ်ချက်ဟာ ယူကရိန်းအရှေ့ပိုင်းဒေသ Kharkiv နဲ့ နီးကပ်တဲ့ နယ်စပ်ဒေသမှာရှိတဲ့ ပစ်မှတ်တွေကိုပဲ တိုက်ခိုက်နိုင်တယ်ဆိုတာကို အဲဒီအစီရင်ခံချက်တွေမှာ ဖော်ပြထားပါတယ်။ အခုအခါ ယူကရိန်းတွေဟာ အမေရိကန်ထောက်ပံ့တဲ့ ဒုံးကျည်တွေနဲ့ ဒုံးပစ်လောင်ချာတွေလိုမျိုး လက်နက်တွေကို Kharkiv ဆီ ဦးတည်နေတဲ့ ရုရှားဒုံးကျည်တွေ၊ Kharkiv နဲ့ နီးကပ်တဲ့နယ်စပ်အနီးမှာ အလုံးအရင်းချထားတဲ့ ရုရှားတပ်ဖွဲ့တွေ ဒါမှမဟုတ် ယူကရိန်းပိုင်နက်နယ်နိမိတ်ဆီ ဗုံးကြဲဖို့ ရုရှားဗုံးကြဲလေယာဉ်တွေကို ပစ်မှတ်ထားဖို့ အသုံးပြုနိုင်ပြီလို့ အဲဒီအစီရင်ခံချက်တွေမှာ အရိပ်အမြွက် ဆိုထားပါတယ်။

ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေကို အမေရိကန်အစိုးရက အသုံးပြုခွင့်မပေးထားဘူးလို့ သိရပါတယ်။

မကြာသေးမီက ရုရှားရဲ့ ထိုးစစ်ပြင်းထန်လာနေတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ အခုလိုမျိုးမူဝါဒပြောင်းလဲသွားပုံရပါတယ်။