ရုရှားနဲ့တရုတ်အဖွဲ့တွေဟာ ဩဇာလွှမ်းမိုးရေးလုပ်ဆောင်ချက်တွေမှာ AI ကို အသုံးပြုတယ်လို့ အမေရိကန်ကုမ္ပဏီ OpenAI ပြောဆို

အမေရိကန်နည်းပညာကုမ္ပဏီ OpenAI က နိုင်ငံအမျိုးမျိုးမှာ အခြေစိုက်တဲ့အဖွဲ့ငါးဖွဲ့ဟာ အများပြည်သူရဲ့အမြင်ကို လွှမ်းမိုးခြယ်လှယ်ဖို့ကြိုးပမ်းမှုမှာ သူ့ရဲ့နည်းပညာကို အသုံးပြုနေတယ်ဆိုတာ ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ အဲဒီကုမ္ပဏီဟာ လူလုပ်အသိဉာဏ် chatbot ဖြစ်တဲ့ ChatGPT ကို တီထွင်ခဲ့ပါတယ်။

ဩဇာလွှမ်းမိုးရေးဆိုင်ရာ လုပ်ဆောင်ချက်တွေရဲ့ နောက်ဆုံးအနေအထားတွေကို OpenAI က ကြာသပတေးနေ့မှာ အစီရင်ခံခဲ့ပါတယ်။ ရုရှား၊ တရုတ်၊ အီရန်နဲ့ အစ္စရေးတို့မှာ အခြေစိုက်တဲ့ အဖွဲ့ငါးဖွဲ့ဟာလူမှုမီဒီယာစာမျက်နှာတွေအတွက် နာမည်တွေနဲ့ ကိုယ်ရေးအချက်အလက်တွေဖန်တီးတာ၊ မှတ်ချက်တွေဖန်တီးတာနဲ့ စာသားတွေကို ဘာသာပြန်တာ စတဲ့ လုပ်ငန်းအတော်များများအတွက် ဆင့်ပွားဖန်တီးနိုင်တဲ့ AI ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအဖွဲ့တွေကတင်တဲ့အကြောင်းအရာတွေဟာ ရုရှားရဲ့ယူကရိန်းကိုကျူးကျော်မှု၊ ဂါဇာကမ်းမြောင်မှာ အစ္စလမ်မစ်အုပ်စု ဟားမတ်စ်နဲ့ အစ္စရေးတို့အကြား ပဋိပက္ခနဲ့ အမေရိကန်ပြည်ထောင်စုတွင်း နိုင်ငံရေးကိစ္စတွေအပါအဝင် ကျယ်ပြန့်တဲ့ကိစ္စရပ်တွေကို အာရုံစိုက်ထားပါတယ်။

ထိခိုက်ပျက်စီးနေတဲ့ ဖူကူရှီးမား အမှတ် (၁) နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံက ပြုပြင်ပြီး ရေရောထားတဲ့ရေတွေ သမုဒ္ဒရာထဲ စွန့်ထုတ်တာကို အပြစ်တင်ဝေဖန်ထားတဲ့ အင်္ဂလိပ်၊ ဂျပန်နဲ့ တခြားဘာသာစကားတွေနဲ့ ဖော်ပြထားတဲ့ စာသားတွေကို တရုတ်အခြေစိုက်အဖွဲ့တစ်ဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ အဲဒီကုမ္ပဏီက ဆိုပါတယ်။ အဲဒီစာသားတွေကို အွန်လိုင်းစာမျက်နှာတွေပေါ် တင်ခဲ့ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ တခြားပွဲတွေမတိုင်မီ ဆင့်ပွားဖန်တီးနိုင်စွမ်းရှိတဲ့ AI ရဲ့ သြဇာလွှမ်းမိုးရေးလုပ်ဆောင်ချက်တွေရဲ့ အန္တရာယ်ကို အဲဒီအစီရင်ခံစာမှာ ထောက်ပြထားပါတယ်။