Rafah မှာ စစ်ဆင်ရေးရဲ့ အရေးပါမှုကို အစ္စရေး ကာကွယ်ရေးဝန်ကြီးအလေးပေး ပြောကြား

အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ဂါဇာကမ်းမြောင်တောင်ပိုင်းမှာရှိတဲ့ Rafah မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ဓားစာခံတွေနဲ့ပတ်သက်ပြီး ခိုင်မာတဲ့သတင်းအချက်အလက်တွေရှိတယ်လို့ ပြောဆိုလိုက်ပြီး အဲဒီမှာ စစ်ရေးအရ စစ်ဆင်ရေးတွေရဲ့ အရေးကြီးပုံကို အလေးပေးပြောဆိုလိုက်ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ ပြီးခဲ့တဲ့ညက တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုမှာ မစ္စတာ Gallant က အဲဒီလို မှတ်ချက်ပေးခဲ့တယ်လို့ အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။

ဂါဇာနဲ့ အီဂျစ်နယ်စပ်အကြား အကြမ်းဖျင်းအားဖြင့် ၁၄ ကီလိုမီတာရှည်လျားတဲ့ ကုန်းမြေပြင်တစ်ခုဖြစ်တဲ့ Philadelphi Corridor ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

လက်နက်တွေနဲ့ တခြားကုန်ပစ္စည်းတွေကို အဲဒီဧရိယာကို ဖြတ်ပြီး အီဂျစ်ကနေ ဂါဇာကို ခိုးသွင်းနေတယ်လို့ အစ္စရေးက အခိုင်အမာဆိုပါတယ်။ သူ့ရဲ့တပ်ဖွဲ့တွေဟာ အဲဒီနေရာမှာ ဥမင်လိုဏ်ခေါင်း ၂၀ လောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး လေ့လာမှုတွေလုပ်ပြီး ဖျက်ဆီးနေတယ်လို့ အစ္စရေးက ပြောပါတယ်။

ဒီအတောအတွင်း ဂါဇာမှာရှိတဲ့ ကျန်းမာရေးအာဏာပိုင်တွေက လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်မှာ လူ ၅၃ ဦး သေဆုံးခဲ့တာကို အတည်ပြုခဲ့တယ်လို့ ကြာသပတေးနေ့က ပြောဆိုခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်မှာ အစ္စရေးတို့ရဲ့ ထိုးစစ်စတင်ခဲ့ချိန်ကစပြီး သေဆုံးသူ ၃၆,၂၂၄ ဦး အထိ ရှိလာခဲ့ပြီလို့ သူတို့က ပြောပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံံ့ပစ္စည်းလက်ကျန် အလွန်နည်းပါးပြီး ရွေ့လျားသွားလာမှုတွေကိုလည်း တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတဲ့အတွက် လောလောဆယ် Rafah မှာ လုပ်ကိုင်လှုပ်ရှားနိုင်တာ နည်းနည်းလေးပဲရှိတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။