"အလွန့်အလွန် ကြီးမားတဲ့ အမြောက်တွေနဲ့ သရုပ်ပြ ပစ်ခတ်မှု" ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယား ပြော

အလွန့်အလွန်ကြီးမားတဲ့ ဒုံးလက်နက်ပစ်လောင်ချာတွေပါဝင်တဲ့ သရုပ်ပြ ပစ်ခတ်မှုကို ပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် တစ်ရက်အကြာမှာ အဲဒီကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ သတင်းစာ Rodong Sinmun က အဲဒီကြေညာချက်ကို သောကြာနေ့က ဖော်ပြခဲ့ပါတယ်။ ၆၀၀-မီလီမီတာ ဒုံးလက်နက်တွေပစ်ခတ်မှုကိုခေါင်းဆောင် Kim Jong Un က ကြီးကြပ်ကွပ်ကဲခဲ့တယ်လို့ အဲဒီ သတင်းစာက ဆိုပါတယ်။

ဓာတ်ပုံတစ်ပုံမှာ ရွေ့လျားနိုင်တဲ့ လောင်ချာတွေကနေ ဒုံးကျည် ၁၈ လုံး တစ်ပြိုင်နက် ပစ်လွှတ်တာကို ပြသထားပါတယ်။

အမြောက်တပ်က စစ်သားတွေဟာ ၃၆၅ ကီလိုမီတာအကွာမှာရှိတဲ့ ကျွန်းပေါ်က ပစ်မှတ်ကို ပစ်ခတ်ခဲ့တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တောင်ကိုးရီးယားနိုင်ငံ တောင်ပိုင်းက အဓိကလေတပ်အခြေစိုက်စခန်းဟာ ဒုံးကျည်တွေ ရောက်ရှိနိုင်တဲ့ အကွာအဝေးအတွင်းမှာ ရှိနေခဲ့တယ်လို့ တောင်ကိုရီးယားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အဲဒီဒုံးကျည်တွေဟာ နျူကလီးယားထိပ်ဖူးတွေကို သယ်ဆောင်နိုင်စွမ်းရှိတယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။ မြောက်ကိုရီးယားအနေနဲ့ တောင်ကိုရီးယားကို လက်ဦးမှုရယူပြီး တိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း ပြသတဲ့အနေနဲ့ အဲဒီသရုပ်ပြ ပစ်ခတ်မှုကို ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားတပ်ဖွဲ့တွေဟာ စစ်ပွဲကို ဟန့်တားဖို့နဲ့ စစ်ပွဲအတွင်းမှာ အသာစီးရဖို့ အရေးကြီးတဲ့ လုပ်ဆောင်မှုကို လျင်လျင်မြန်မြန်နဲ့ တိတိကျကျ လုပ်ဆောင်ဖို့ ပိုပြီး စေ့စေ့စပ်စပ်ပြင်ဆင်ထားသင့်တယ်လို့ ခေါင်းဆောင် Kim က ပြောခဲ့ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားဟာ ပြုံယမ်းမြို့ အနီးမှာရှိတဲ့ ဆူးနန်ဒေသကနေ တာတိုပစ်ဒုံးကျည်တွေလို့ ယုံကြည်ရတဲ့ ပျံသန်းတဲ့အရာ ၁၀ ခု ကျော်ကို ကြာသပတေးနေ့က ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့ကထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြောက်ကိုရီးယားကို "အပြင်းထန်ဆုံး စကားနဲ့" ရှုတ်ချခဲ့ပြီး ဒုံးကျည်ပစ်လွှတ်မှုတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို တိုက်ရိုက်ချိုးဖောက်ရာရောက်တယ်လို့ ဖော်ပြခဲ့ပါတယ်။