လဆက်သွယ်ရေး အခြေခံအဆောက်အအုံ တည်ဆောက်ဖို့ KDDI သန္နိဌာန်ပြု

ဂျပန်တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုက လပေါ်မှာ ဆက်သွယ်ရေးစနစ်တစ်ခု တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ လစူးစမ်းလေ့လာရေးဟာ အရှိန်ရနေတဲ့အတွက် အဲဒီဝန်ဆောင်မှုကို ၂၀၃၀ ပြည့်နှစ်မှာ စတင်ဖို့ KDDI က မျှော်လင့်ထားပါတယ်။

အာကာသယာဉ်မှူးတွေနဲ့ စူးစမ်းလေ့လာရေးယာဉ်တွေအကြား မြန်နှုန်းမြင့်ဒေတာဆက်သွယ်မှု ပြုလုပ်နိုင်ဖို့ လဆက်သွယ်ရေးအခြေခံအဆောက်အအုံကို ဆောက်လုပ်မှာဖြစ်တယ်ဆိုတာ KDDI က ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။

KDDI ဟာ ၂၀၂၈ ခုနှစ် မကုန်မီ လနဲ့ ကမ္ဘာကို ဆက်သွယ်ပေးမယ့် ပမာဏမြင့်မားတဲ့ အလင်းလှိုင်းနဲ့ ရေဒီယိုလှိုင်းကွန်ရက်ကို တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။

အဲဒီအစီအစဉ်ထဲမှာ ကမ္ဘာနဲ့လအကြား ကီလိုမီတာ ၃၈၀,၀၀၀ အကွာအဝေးအထိ လေဆာရောင်ခြည်ထုတ်ပေးနိုင်တဲ့ နည်းပညာတီထွင်ရေးလည်း ပါဝင်ပါတယ်။

အဲဒီကုမ္ပဏီဟာ အခြေစိုက်စခန်းတစ်ခုတည်ဆောက်ဖို့အတွက် စက်ရုပ်တွေ တီထွင်မှုကို အရှိန်မြှင့်လုပ်ဆောင်လိုပါတယ်။ KDDI ဟာ အာကာသစီးပွားရေးလုပ်ငန်းသစ်တွေကို စတင်ဖို့ လုပ်ငန်းစတင်စကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဦးဆောင်တဲ့ Artemis စီမံချက်ဟာ ၂၀၂၆ ခုနှစ် ဒါမှမဟုတ် အဲဒီနောက်ပိုင်းမှာ လပေါ်သို့ အာကာသယာဉ်မှူးတွေကို စေလွှတ်ဖို့ ရည်ရွယ်ထားပါတယ်။ လပေါ်စေလွှတ်မယ့်သူတွေထဲမှာ ဂျပန်အာကာသယာဉ်မှူးတွေပါဝင်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်တို့အကြား ပြီးခဲ့တဲ့လက သဘောတူခဲ့ကြပါတယ်။

KDDI စီမံခန့်ခွဲရေးအမှုဆောင်အရာရှိ Matsuda Hiromichi က "ဂျပန်အာကာသယာဉ်မှူးတွေ လပေါ် ဆင်းသက်တာကို မြင်တွေ့ရဖို့ ကျနော် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်၊ လူသားတွေ ဘယ်ကိုပဲသွားသွား၊ ဆက်သွယ်ရေးကောင်းဖို့ အမြဲလိုအပ်ပါတယ်၊ အခုလိုကြိုးပမ်းမှုတွေအတွက် စေ့စေ့စပ်စပ် ပံ့ပိုးကူညီဖို့ ရည်ရွယ်ထားပါတယ်" လို့ ပြောပါတယ်။
အနာဂတ်အာကာသစီးပွားရေးလုပ်ငန်းစီမံချက်တွေကနေ အကျိုးအမြတ်ရရှိဖို့ ကြိုတင်ရင်းနှီးမြှုပ်နှံမှုဟာ အရေးကြီးတယ်ဆိုတာ သူနားလည်တယ်လို့ မစ္စတာ Matsuda က ပြောပါတယ်။