မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်ရေးနည်းလမ်း တောင်ကိုရီးယား ဆွေးနွေး

တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေလို့ ယူဆရတဲ့ အခုနောက်ဆုံး မြောက်ကိုရီးယားရဲ့ ပစ်လွှတ်မှုတွေကို ဆွေးနွေးဖို့ တောင်ကိုရီးယား သမ္မတရုံးက အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ GPS အချက်ပြမှုတွေကို နှောက်ယှက်ဖို့လည်း ကြိုးစားခဲ့ပုံရပါတယ်။

သမ္မတရဲ့ အမျိုးသားလုံခြုံရေးရုံးအဖွဲ့ဝင်တွေနဲ့ တခြားအရာရှိတွေဟာ ကြာသပတေးနေ့ မနက်ပိုင်းက တွေ့ဆုံပြီး အခြေအနေတွေကို လေ့လာစိစစ်ရင်း ဘယ်လိုတုံ့ပြန်မလဲဆိုတာ ဆွေးနွေးခဲ့ပါတယ်။

ကြာသပတေးနေ့ မနက် ၆ နာရီ ၁၄ မိနစ်လောက်က ပြုံယမ်းအနီး Sunan ဧရိယာကနေ တာတိုပစ်ဒုံးကျည်လို့ ယုံကြည်ရတဲ့ ပျံသန်းတဲ့အရာ ၁၀ ခုကျော်ကို မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

အဲဒီ ဒုံးကျည်လို့ယူဆရတာတွေဟာ ဂျပန်ပင်လယ်ဘက်ကို ဦးတည် ပျံသန်းခဲ့တယ်လို့ သိရပါတယ်။ အနည်းဆုံး အဲဒီအရာတွေထဲက တစ်ခုဟာ ကီလိုမီတာ ၃၅၀ ကျော် ပျံသန်းခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ကြာသပတေးနေ့ မနက်မှာ GPS အချက်ပြမှုတွေကို အနှောက်ယှက်ပေးဖို့ မြောက်ကိုရီးယားရဲ့ ကြိုးပမ်းမှုကို စစ်တပ်က တွေ့ရှိခဲ့တယ်လို့လည်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။

အဲဒီလို နှောက်ယှက်ဖို့ကြိုးပမ်းမှုဟာ ပင်လယ်ဝါမှာရှိတဲ့ ကိုရီးယား နှစ်နိုင်ငံကြားက လက်တွေ့အားဖြင့် ရေပြင်နယ်စပ်ဖြစ်တဲ့ "မြောက်ဘက်ခြမ်းအကန့်အသတ်မျဉ်း" ရဲ့ မြောက်ပိုင်းကို မြစ်ဖျားခံခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ မြောက်ကိုရီးယားရဲ့ နောက်ထပ်ရန်စမှုတွေအပေါ် ဆက်လက်ပြီးတပ်လှန့်ထားတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။