ဇူလိုင်လ ၄ ရက် အထွေထွေရွေးကောက်ပွဲအတွက် ဗြိတိန်လွှတ်တော်် ဖျက်သိမ်း

ဇူလိုင်လ ၄ ရက်နေ့ အထွေထွေရွေးကောက်ပွဲ မတိုင်ခင် ကြာသပတေးနေ့မှာ ဗြိတိန်လွှတ်တော်ကို ဖျက်သိမ်းလိုက်ပါတယ်။ သဘောထားစစ်တမ်းတွေမှာ ၁၄ နှစ်အတွင်း ပထမဆုံး အစိုးရအပြောင်းအလဲဖြစ်နိုင်ခြေကို ညွှန်ပြနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဝန်ကြီးချုပ် Rishi Sunak ရဲ့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ကြေညာချက် ထွက်ပေါ်လာပြီးနောက် အဲဒီလိုဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ အခုအခါ လွှတ်တော်အမတ်နေရာ ၆၅၀ အတွက် မဲဆွယ်စည်းရုံးမှုတွေ အပြည့်အဝ လုပ်ဆောင်နေကြပါတယ်။

ဗုဒ္ဓဟူးနေ့က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ YouGov စစ်တမ်းမှာ အဓိကအတိုက်အခံ အလုပ်သမားပါတီက ၄၇ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး ဝန်ကြီးချုပ် Sunak ရဲ့ ကွန်ဆာဗေးတစ်ပါတီက ၂၀ ရာခိုင်နှုန်းနဲ့ နောက်ကလိုက်နေပါတယ်။

ဝန်ကြီးချုပ် Sunak ဟာ သူ့ပါတီအပေါ် ထောက်ခံမှု ပိုမိုအားကောင်းလာစေဖို့ မြောက်အိုင်ယာလန်နဲ့ ဝေးလ်စ် စတဲ့ နေရာတွေမှာ မဲဆွယ်စည်းရုံးမှုတွေကို လုပ်ဆောင်နေခဲ့ပါတယ်။

ငွေကြေးဖောင်းပွမှုကို လျှော့ချဖို့ ကတိအတိုင်း သူ့အစိုးရက လုပ်ဆောင်ပေးခဲ့တယ်လို့ ဝန်ကြီးချုပ်က အလေးပေး ပြောကြားနေပါတယ်။

အလုပ်သမားပါတီခေါင်းဆောင် Keir Starmer က စကော့တလန်နဲ့ တခြားနေရာတွေမှာ မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်နေပါတယ်။

ပရမ်းပတာဖြစ်မှုတွေနဲ့ သဘောထားကွဲလွဲမှုတွေကို ဖန်တီးနေတယ်ဆိုပြီး ကွန်ဆာဗေးတစ်ပါတီရဲ့ အစိုးရကို မစ္စတာ Starmer က ဝေဖန်ခဲ့ပါတယ်။

အဲဒီပါတီခေါင်းဆောင်တွေဟာ ဇွန်လ ၄ ရက်နေ့ ရုပ်မြင်သံကြားစကားစစ်ထိုးမှုမှာ ထိပ်တိုက်ရင်ဆိုင်ကြမှာဖြစ်ပါတယ်။