မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တွေ ဂျပန့် သီးသန့်စီးပွားရေးဇုန် အပြင်ဘက်ကို ကျခဲ့တယ်လို့ ဂျပန်ဆို

မြောက်ကိုရီးယားဟာ ကြာသပတေးနေ့မနက်မှာ ပဲ့ထိန်းဒုံးကျည် အများအပြား ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ သင်္ဘောတွေ ဒါမှမဟုတ် လေယာဉ်တွေ ထိခိုက်ပျက်စီးမှု သတင်းမရရှိဘဲ အဲဒီအရာတွေဟာ ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် အပြင်ဘက်မှာကျခဲ့တယ်လို့ ယူဆရပါတယ်။

အဲဒီ ပစ်လွှတ်မှုကို မနက် ၆ နာရီ ၁၃ မိနစ်လောက်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီပဲ့ထိန်းဒုံးကျည်တွေထဲက အနည်းဆုံး တစ်စင်းဟာ အမြင့်ဆုံး ကီလိုမီတာ ၁၀၀ ဝန်းကျင်ကို ရောက်ရှိပြီး ကီလိုမီတာ ၃၅၀ ကျော် အကွာအဝေးကို ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီဒုံးကျည်အားလုံး ကိုရီးယားကျွန်းဆွယ်ရဲ့ အရှေ့ဘက်ကမ်းလွန်မှာ ပင်လယ်ထဲကို ကျခဲ့ပုံရပါတယ်။

ဂျပန်ဝန်ကြီးချုပ် Kishida Fumio က သူ့အစိုးရဟာ သတင်းအချက်အလက်တွေ စုဆောင်းနေပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

မစ္စတာ Kishida က "မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်မှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာ ဖြစ်ပါတယ်။ ဂျပန်က ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ကျွန်တော်တို့ ကန့်ကွက်မှုတွေ လုပ်ဆောင်ထားပြီးဖြစ်ပါတယ်" လို့ပြောပါတယ်။

မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၁၀ စင်းထက်မနည်း ဂျပန်ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တယ်လို့ ယုံကြည်ရကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။

မြို့တော် ပြုံယမ်းရဲ့ နိုင်ငံတကာလေဆိပ်တစ်ခု တည်ရှိနေတဲ့ Sunan ကနေ လွှတ်တင်ခဲ့တာလို့ အဲဒီရုံးက ဆိုပါတယ်။