ယူကရိန်းသမ္မတ EU အဖွဲ့ဝင် ၃ နိုင်ငံကို သွားရောက်နေ

ယူကရိန်းနိုင်ငံက ရုရှားကို တိုက်ခိုက်ရေးအတွက် ထောက်ပံ့ကူညီမှုတွေကို လှုံ့ဆော်တိုက်တွန်းဖို့ သမ္မတ Volodymyr Zelenskyy က ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် ၃ နိုင်ငံကို သွားရောက်နေတုန်းမှာ ယူကရိန်းနိုင်ငံအတွက် နောက်ထပ် စစ်ရေးအကူအညီတွေကို ဆွီဒင်နိုင်ငံက ကြေညာလိုက်ပါတယ်။

ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ ဆွီဒင်က ယူရို ၁.၁၆ ဘီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁.၂၅ ဘီလီယံလောက် ပေးမယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ အဲဒီပမာဏဟာ အခုအချိန်အထိ ဆွီဒင်က ယူကရိန်းအတွက် ပေးခဲ့တဲ့အထဲမှာ အများဆုံးဖြစ်ပါတယ်။

မစ္စတာ Zelenskyy က Airborne Surveillance and Control လေယာဉ်တွေ ပါဝင်တဲ့ အဲဒီအကူအညီအစီအစဉ်ဟာ ယူကရိန်းက အသက်တွေကို ကယ်တင်ရုံသာမက ဥရောပမှာ ရေရှည် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အာမခံချက်ကိုလည်း အထောက်အကူ ဖြစ်စေမယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။

မစ္စတာ Zelenskyy ဟာ စပိန်နဲ့ ဘယ်လ်ဂျီယံ နိုင်ငံတွေကို သွားရောက်ပြီးတဲ့နောက် အင်္ဂါနေ့မှာ ပေါ်တူဂီကို ရောက်ရှိခဲ့ပါတယ်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံလုံခြုံရေးသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးချိန်မှာ သူ့ခရီးစဉ်ရဲ့ အောင်မြင်မှုတွေကို အလေးပေး ပြောကြားခဲ့ပါတယ်။

ဇွန်လလယ်ကျရင် အီတလီမှာ ကျင်းပမယ့် ၇ နိုင်ငံအဖွဲ့ G7 ထိပ်သီးအစည်းအဝေးမတိုင်ခင်နဲ့ မစ္စတာ Zelenskyy အဆိုပြုခဲ့ပြီး ဆွစ်ဇာလန်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ယူကရိန်းငြိမ်းချမ်းရေးအတွက် နိုင်ငံတကာညီလာခံမတိုင်ခင် ယူကရိန်းနိုင်ငံက သံတမန်ရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။